သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ် ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG