သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ကြုံရတဲ့ အန္တရာယ် မထူးဆန်း


မစ္စတာကင်တားနား သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန် လေဆိပ် တွင်း ဝင်ရောက်လာစဉ်။ (သြဂုတ်လ ၂၁၊ ၂၀၁၃)
မစ္စတာကင်တားနား သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန် လေဆိပ် တွင်း ဝင်ရောက်လာစဉ်။ (သြဂုတ်လ ၂၁၊ ၂၀၁၃)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား မိတ္ထီလာ ခရီးစဉ်တွင်း ဆန္ဒပြကြတဲ့ လူအုပ်က သူ စီးလာတဲ့ကားကို ဝိုင်းအုံ ဆန္ဒပြခဲ့ချိန်မှာ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်တာနဲ့ပတ်သက်လို့ သံတမန်ရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိလာနိုင်စရာ အကြောင်း မရှိဘူးလို့ ဝါရင့် အမေရိကန် သံတမန်ဟောင်း တဦးက ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လုံခြုံရေး ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့တာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့ အကြီးအကဲဟောင်း Priscilla Clapp က ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံကို ၁၀ ရက်ကြာခရီး သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား က သူ့ရဲ့ မိတ္ထီလာ ခရီးစဉ်အတွင်း မှာ မြန်မာအစိုးရ ဘက်မှာ လုံခြုံရေးအရ ထိထိရောက်ရောက် တာဝန်ယူပေး နိုင်ခဲ့ခြင်း မရှိဘူး လို့ မြန်မာနိုင်ငံနိုင်ငံမထွက်ခွာခင် ရန်ကုန်လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဝေဖန် ပြောဆိုသွားတာဖြစ်ပါတယ်။

မိတ္ထီလာမြို့အဝင်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ဖျက်လိုက်ရတယ်လို့လည်း မစ္စတာ ကင်တားနား က ပြောသွားခဲ့တာပါ။ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ လုံခြုံရေးကို အိမ်ရှင် အစိုးရက စောင့်ကြပ်ပေးရတာမှန်ပေမဲ့လို့ ကမ္ဘာတဝှမ်း တခြား ဒေသတွေမှာလည်း မစ္စတာ ကင်တားနား တို့လို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ခုလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရတာ မထူးဆန်းဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအဖွဲ့ အကြီးအကဲဟောင်း Priscilla Clapp က ပြောပါတယ်။

“ဒီအဖြစ်အပျက်ကြောင့် နောက်ဆက်တွဲ သံတမန်ရေးပိုင်း သက်ရောက်မှုတွေ ဖြစ်လာနိုင် တယ်လို့ ကျမ တော့ မထင်ပါဘူး။ ကမ္ဘာတဝှမ်း သွားလာနေကြတဲ့ ကုလသမဂ္ဂအဖွဲ့တွေ၊ ကိုယ်စားလှယ်အရာရှိတွေ အားလုံးဟာ အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ကြုံကြရတာပါပဲ။ ဒါကြောင့် သံတမန်ရေးအရ ထိခိုက်မှုဘာမှရှိစရာ အကြောင်းမရှိပါဘူး။ မိတ္ထီလာမှာ လုံခြုံရေး မလုံလောက်ဘူး ဆိုတာ ကျမတို့ အားလုံး သိပြီးသားကိစ္စပါပဲ။ လုံခြုံရေး အားကောင်းခဲ့ရင် အဲဒီဒေသမှာ အကြမ်းဖက်မှုတွေတောင် ဖြစ်ခဲ့စရာ အကြောင်း မရှိပါဘူး။ ဒီအတွက်ကတော့ အထူးတဆန်းဖြစ်စရာ မရှိပါဘူး။”

နိုင်ငံတကာက ရောက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို အိမ်ရှင်နိုင်ငံက ထောက်ပံ့ပေးရတာ မှန်ပေမဲ့လို့၊ ထင်မှတ်မထားဘဲ လူအုပ်စု အလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုး၊ လုံခြုံရေးအဖွဲ့ဝင်တွေ ကိုယ်တိုင် ကာကွယ်မှု မပေးနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်တယ်လို့လည်း Priscilla Clapp က ပြောပါတယ်။

ကုလသမဂ္ဂ ပဋိပညာဉ်စာတမ်းအရရော၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ အချင်းချင်းကြား ချုပ်ဆိုထားတဲ့ တချို့ သဘောတူညီချက်တွေ အရ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အိမ်ရှင် နိုင်ငံတွေက ကာကွယ်ပေး ရမှာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အထူးသဖြင့် လုံခြုံရေးအရ အန္တရာယ်ပိုရှိတဲ့ နေရာဒေသတွေမှာ ဆိုရင် အိမ်ရှင် နိုင်ငံတွေ အနေနဲ့ သာမန်အခြေအနေမှာထားရှိတဲ့ လုံခြုံရေးထက် ပိုပြီးတော့ ထိရောက်တဲ့ လုံခြုံရေး တိုးမြင့်ချထားရမှာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အရာရှိတွေအတွက် လုံခြုံရေး လက်စွဲစာအုပ်မှာ ဖော်ပြထားတာ ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးကို ပိုပြီး ဂရုထား စောင့်ကြပ်သင့်တဲ့ အကြောင်း တချို့က ဝေဖန်ကြပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲထွဋ် ကတော့ မစ္စတာ ကင်တားနားရဲ့ လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ ထိထိရောက်ရောက် စောင့်ကြပ်ပေးခဲ့တယ်လို့ ဆိုပြီး မစ္စတာ ကင်တားနား ဘက်က ဝေဖန်မှုကို ငြင်းချက်ထုတ်ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ အရင်အခေါက်တွေနဲ့ မတူဘဲ ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေ နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ မူဆလင်တွေဘက်ကနေ ဘက်လိုက်ပြောဆိုတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တွင်း ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရသလို၊ မိတ္ထီလာ ခရီးစဉ်တွင်းမှာလည်း ညမထွက်ရ ကာဖြူးအမိန့် ထုတ်ထားတဲ့ကြားကပဲ ဒေသခံတွေက သူ့ရဲ့ကားကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG