သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစကအဖွဲ့ ဖျက်သိမ်းတဲ့အစီအစဉ် ကင်တားနားကြိုဆို


လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက) ကို ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတအမိန့်နဲ့ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က ကြိုဆိုလိုက်ပြီး၊ တချိန်တည်းမှာလည်း ရခိုင်ပြည်နယ်တွင်း နစက အဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေး က တင်ပြထားပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ကပဲ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက) ကို သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဖျက်သိမ်းကြောင်း သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို နစကအဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ဒါဟာ အရေးပါတဲ့ တိုးတက်မှုတခုလို့ ဆိုပြီး၊ တချိန်တည်းမှာလည်း ခုလို ဖျက်သိမ်းလိုက်တဲ့အတွက် ရခိုင်ပြည်နယ်တွင်း နစက အဖွဲ့ဝင်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုလိုက်တာမျိုး မဖြစ်စေဘဲ၊ အစိုးရအနေနဲ့ အပြစ်ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့လည်း မစ္စတာ ကင်တားနားက တောင်းဆိုလိုက်ပါတယ်။

“ကျနော့်အမြင်တော့ ခုလို နစက ကို ဖျက်သိမ်းလိုက်တယ်ဆိုတာက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုပါ။ ဒါပေမဲ့ ဒီလို ဖျက်သိမ်းလိုက်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ နစက အဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူရမယ့် အစိုးရရဲ့ တာဝန်ကတော့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုလို ဖျက်သိမ်းလိုက်တာကတော့ တိုးတက်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ နယ်စပ်ဒေသ လုံခြုံရေးအတွက် ဘယ်လို အဖွဲ့မျိုးကို အစိုးရက ဖွဲ့စည်းလုပ်ကိုင်သွားမလဲ ဆိုတာကိုလည်း ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်း အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်တွေကို သတ်ဖြတ်မှု၊ ဥပဒေမဲ့ ဖမ်းဆီးပြီး နှိပ်စက်ညှင်းပမ်းတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားမှာ နစက အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့အကြောင်း စွပ်စွဲချက်တွေနဲ့ အထောက်အထားတွေကို သူ လက်ခံ ရရှိထားတဲ့အကြောင်းလည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီလို အပြစ်ကျူးလွန်ခဲ့သူတွေကို အစိုးရအနေနဲ့ အပြစ်ပေး အရေးယူဖို့ လိုအပ်သလို၊ ဒါဟာ နောက်ပိုင်း နစက နေရာမှာ အစားထိုး ဝင်ရောက်လာမယ့် အဖွဲ့အစည်းတွေကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မံ မဖြစ်ပွားရအောင် ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ကျနော် မြန်မာနိုင်ငံကိုရောက်တဲ့ ခရီးစဉ်တိုင်းမှာ စုဆောင်းရရှိတဲ့ အချက်အလက်တွေ အရ နစက အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။ ထင်ရှားတဲ့ နောက်ဆုံးဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေမှာ နစက အဖွဲ့ဝင်တွေ ပါဝင်ခဲ့တာပါ။ ဒါနဲ့ဆက်စပ်ပြီး ကျနော့်ရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာလည်း နစက ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့၊ လုံခြုံရေးကို ဘယ်လို ကိုင်တွယ် ဆောင်ရွက်ခဲ့သလဲ ဆိုတာနဲ့ ရခိုင်ပြည်နယ်တွင်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ကိစ္စတွေကို တင်ပြခဲ့ပါတယ်။”

နစက ပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေအနေနဲ့ ကိုယ်ကျူးလွန်တဲ့ ပြစ်မှုအတွက် တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒါပေမဲ့ ခုထိတော့ နစက လို အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေအပေါ် အစိုးရက အပြစ်ပေး အရေးယူတာမျိုး မတွေ့ရသေးဘူးလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဘယ်သူတွေ ပါဝင်ပတ်သက်ခဲ့လဲ၊ ဘယ်သူ့တွေမှာ တာဝန်ရှိလဲ ဆိုတာကို အစိုးရက စုံစမ်းစစ်ဆေးပြီး အရေးယူတာ မတွေ့ရသေးပါဘူး။ မူဆလင်တချို့ကို အရေးယူတာလောက်ပဲ တွေ့ရပြီးတော့၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အထူးသဖြင့် နစက အရာရှိတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့လဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်တာ မရှိသေးပါဘူး။ ဒါက အားနည်းချက်ပါ။ ကျနော့်အနေနဲ့ကတော့ မြန်မာအစိုးရကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ဒီကိစ္စဟာ အရေးတကြီး ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောဆိုနေတာပါ။”

မြန်မာနိုင်ငံအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာဖြစ်လို့၊ ဒီလို ဖော်ဆောင်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ မရှိအောင် ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

နစက အဖွဲ့ဟာ ရခိုင်ပြည်နယ် နယ်စပ်ဒေသတလျှောက် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ နစက အဖွဲ့တွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ရုံမက၊ အကြမ်းဖက်မှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့တာတွေ ရှိတယ်ဆိုပြီးတော့လည်း ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။

အခု နစကအဖွဲ့ကို သမ္မတအမိန့်နဲ့ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ထားပေမဲ့၊ ဘာကြောင့် ခုလို ဖျက်သိမ်းရတယ်ဆိုတာနဲ့ ဖျက်သိမ်းလိုက်တဲ့ နစက နေရာမှာ ဘယ်အဖွဲ့အစည်းက အစားထိုး ဝင်ရောက် လုပ်ကိုင်မယ် ဆိုတာတွေကိုတော့ ပြောမထားပါဘူး။
XS
SM
MD
LG