သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားအပေါ် မြန်မာတချို့ အမြင်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်က အနားယူသွားပြီဖြစ်တဲ့ မစ္စတာ Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်က အနားယူသွားပြီဖြစ်တဲ့ မစ္စတာ Quintana
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ် တာဝန်ယူခဲ့သူ သောမတ်စ် အိုဟေး ကင်တားနားဟာ မေလ ၃၀ ရက်နေ့က သူ့ရဲ့သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး သူ့နေရာကိုတော့ တောင်ကိုရီးယား နိုင်ငံသူ မစ္စ် ယန်ဟီးလီ က စတင် တာဝန်ယူလိုက်ပြီ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားအနေနဲ့ သူတာဝန်ယူခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေကို မျက်မြင် တွေ့ခဲ့ရသလို လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ကျန်နေသေးတဲ့အပေါ်မှာ ကျေနပ်အားရမှု မရှိသေးဘူးလို့ ဗွီအိုအေကို ပြောကြားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အခုလို ပြောဆိုချက်တွေအပေါ်မှာ မစ္စတာ ကင်တားနားနဲ့ ထိတွေ့ ဆက်ဆံခဲ့ဖူးသူနဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ အမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမှာ လက်ကမ်းကြိုဆိုစရာ ဆောင်ရွက်ချက်ကောင်းတွေရှိပေမယ့်လို့ တချို့ဖြစ်စဉ်တွေမှာ ပကတိ အခြေအနေတွေနဲ့ ကင်းကွာမှုရှိတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးစစ်မြိုင်က သုံးသပ်ပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ ရေးသားသူ မစ္စတာကင်တားနားနဲ့ ကျနော်တို့နဲ့တော့ ကျနော်တို့ ကော်မရှင်ဖွဲ့ပြီးတဲ့နောက်မှာ ၃ ကြိမ်ခန့်ပေါ့- သူ မြန်မာနိုင်ငံကိုလာရောက်တိုင်း ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တချို့က သူ့ရဲ့အကြံပြုတိုက်တွန်းချက်တွေနဲ့ ကျနော်တို့ ကော်မရှင်အတွက် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အထူးသဖြင့်တော့ - လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ အနေနဲ့လည်း ကျနော်တို့အနေနဲ့တော့ လက်ကမ်းကြိုဆိုတာတွေလည်း ရှိပါတယ်။ တဖက်ကတော့လည်း တခါတရံမှာတော့ ကျနော်တို့အမြင်တော့လည်း ဒိထက်ပိုပြီးတော့ မှန်ကန်တဲ့ အမြင်သဘောထားလေးတွေ၊ မြေပြင်အခြေအနေရဲ့ တကယ့် ပကတိအရှိတရားလေးတွေနဲ့များ အနည်းငယ် ကွာဟမှု ရှိသလား ဆိုတာလေးတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ကျနော့်အနေနဲ့ပြောရရင်တော့ ကျနော်တို့ ကော်မရှင်နဲ့ မစ္စတာ ကင်တာနားနဲ့ထိတွေ့တဲ့အပိုင်းမှာတော့ တော်တော်လေး အပြုသဘောဆောင်တဲ့သဘောမျိုး ကျနော်တို့ တွေ့ရှိရပါတယ်ဗျ။”

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ချိန်အတွင်း ကုလသမဂ္ဂက စေလွှတ်ခဲ့တဲ့သူအဖြစ် နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူအများက အားကိုးယုံကြည်မှုတွေရှိခဲ့ပေမဲ့ မစ္စတာကင်တာနားရဲ့ လုပ်ဆောင်ချက်တွေဟာ သိပ်ခရီးမရောက်ခဲ့ဘူးလို့ သုံးသပ်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ပါ။

“ကုလသမဂ္ဂကို ကိုယ်စားပြုပြီးရောက်တဲ့ပုဂ္ဂိုလ်ဆိုတော့ အန်ကယ်လ်တို့က အများကြီးအားကိုးတာပေါ့။ ဒါပေမယ့် ခရီးရောက်မှုက သိပ်တော့ မရှိဘူးလို့ ယူဆတယ်။ သံတမန်ရေးကို ဦးစားပေးပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရပ်တည်မှု နည်းတာပေါ့။ စစ်အစိုးရကို လိုက်လျောပြီး ပေါင်းသင်းနေရတယ်၊ ရည်မှန်းထားတဲ့အောင်မြင်မှု နည်းတယ်လို့ သုံးသပ်ချင်တယ်။ မြန်မာပြည်ရဲ့ ထူးခြားတဲ့ အခြေအနေကိုတော့ သေချာလေ့လာဖို့လိုတယ်။ စစ်အစိုးရကနေပြီးတော့မှ အရပ်သားအစိုးရကို လိမ္မာပါးနပ်စွာနဲ့လှည့်ဖျားပြီးတော့ ဖြစ်လာတဲ့အနေအထားတွေ၊ နောက်တစ်ခု - လူ့အခွင့်အရေးကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ကြိုးစားဖို့လိုတယ်လို့ အန်ကယ်လ် အကြံပြုချင်တယ်။”

မစ္စတာကင်တာနားက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးနဲ့ နှစ်ရှည်ကြာပြည်တွင်းစစ်ကြား မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအရေး စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုခဲ့တဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

“ရခိုင်ပြည်ဘက်မှာတော့ သူ တော်တော်လေးကို လှုပ်ရှားပါတယ်။ သူ့အတွက်တော့ တတ်နိုင်သလောက်တော့ လုပ်ခဲ့တယ်၊ တာဝန်ကျေတယ်လို့တော့ ပြောလို့ရပါတယ်။”

မစ္စတာကင်တာနားရဲ့နေရာမှာ တာဝန်ဆက်ခံယူမယ့် တောင်ကိုရီးယားနိုင်ငံသူ Ms.Yanghee Lee အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အရှိတရားတွေအပေါ် အခြေခံပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေကို လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်း ဆောင်ရွက်စေလိုတယ်လို့လည်း လူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူးဦးစစ်မြိုင်က ဆိုပါတယ်။

“မစ္စ် ယန်ဟီးလီကတော့ သူ ဂျနီဗာမှာ UNCIC မှာ ကျနော်တို့ သွားဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့နဲ့ ထိတွေ့ရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာမှာ တော်တော်လေးကို နှံ့စပ်ပြီးတော့ အတွေ့အကြုံရှိတဲ့ အမျိုးသမီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ ကျနော့်အနေနဲ့ အကြံပြုတိုက်တွန်းလိုတာကတော့ မြန်မာနိုင်ငံရဲ့ တကယ့် ပကတိအခြေအနေမှန်တွေပေါ်မှာ အရှိကို အရှိအတိုင်း ရှုမြင်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်တဲ့အကြံဉာဏ်တွေ ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်ဗျာ။”

မေလ ၃၀ ရက်နေ့က သက်တမ်း ကုန်သွားပြီဖြစ်တဲ့ မစ္စတာကင်တာနားရဲ့ နေရာမှာတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တောင်ကိုရီးယားနိုင်ငံသူ Ms.Yanghee Lee က စတင် တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း ကင်တားနားနဲ့ ဆက်သွယ်မေးမြန်းချက်
XS
SM
MD
LG