အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းငယ်တခုရဲ့ အကြီးအကဲဖြစ်သူ သင်းအုပ်ဆရာက အစ္စလာမ် ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းစာအုပ်တွေကို စနေနေ့ကျရင် မီးရှို့မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။
နယူးယောက်မြို့မှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီးမှာ အစ္စလာမ် ယဉ်ကျေးမှုဌာနနဲ့ ဗလီဝတ်ကျောင်းတခု ဆောက်လုပ်မယ့် အစီအစဉ်ကို တခြားနေရာကို ရွှေ့ဖို့ မူဆလင် ခေါင်းဆောင်တွေနဲ့ သဘောတူညီချက် ရရှိခဲ့တဲ့အတွက် အခုလို မီးရှို့ ဆန္ဒပြမယ့် အစီအစဉ်ကို ဖျက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သင်းအုပ်ဆရာ တယ်ရီ ဂျုန်းစ် (Terry Jones) က ကြာသပတေးနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။
ဒါပေမဲ့လည်း နယူးယောက်မြို့က ဗလီဆောက်မယ့် စီမံကိန်းမှာ တာဝန်ရှိသူ ဘာသာရေးခေါင်းဆောင် တဦးရဲ့ ကြေညာချက်ကတော့ ဒီလို တခြားကို ပြောင်းရွှေ့ပေးမယ့် သဘောတူညီချက်မျိုး မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
သင်းအုပ်ဆရာနဲ့အတူ ကြေညာချက်ကို ထုတ်ပြန်ရာမှာ အတူပါလာတဲ့ ဒေသခံ မူဆလင် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်တဲ့ အီမန် မူဟမ်မက်ဒ် မူစ်ရီ (Imam Muhammad Musri) ကတော့ ဗလီနေရာ ပြောင်းဆောက်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ နယူးယောက်မြို့ကို သွားမယ်လို့ ပြောဆိုခဲ့တာပါ။
အစ္စလာမ် ယဉ်ကျေးမှုဌာန နေရာရွှေ့ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဗလီဆောက်မယ့် စီမံကိန်းကို တာဝန်ယူထားတဲ့ နယူးယောက်မြို့က ဘာသာရေးခေါင်းဆောင် ဖိုင်စယ်လ် အက်ဘ်ဒူလ် ရော့ဖ် (Feisal Abdul Rauf) နဲ့ သူ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။
ကြာသပတေးနေ့တုန်းကတော့ သင်းအုပ်ဆရာ ဂျုန်းစ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ဆက်သွယ်ခဲ့ပြီး ကိုရမ် ကျမ်းစာတွေ မီးရှို့မယ့် လုပ်ရပ်ဟာ အမေရိကန် စစ်သားတွေအတွက် အသက်ဘေးအန္တရာယ် ကျရောက်နိုင်တဲ့အကြောင်း ပြောဆိုပြီး ဒီအစီအစဉ်ကို ဆက်မလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။