သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafael Nadal ဝင်ဘယ်လ်ဒန် ပထမအဆင့်မှာ ပြုတ်


Rafael Nadal
Rafael Nadal
၀င်ဘယ်လ်ဒန် (Wimbledon) တင်းနစ်ပြိုင်ပွဲကို ဗြိတိန်နိုင်ငံမှာ တနင်္လာနေ့က စတင်လိုက်ပြီး ပြိုင်ပွဲ စတဲ့နေ့မှာပဲ စပိနိုင်ငံက ဝင်ဘယ်လ်ဒန် ချန်ပီယံဟောင်း ရာဖဲလ် နဒါးလ် (Rafael Nadal) ရှုံးပြီးတော့ ပထမအဆင့်ကနေ ထွက်လိုက်ရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ကမ္ဘာ့အဆင့် ၁၃၅ ရှိတဲ့ စတိ ဒါးစစ် (Steve Darcis) နဲ့ မနေ့ တနင်္လာနေ့က ကစားခဲ့တဲ့ အမျိုးသားတဦးချင်း ပြိုင်ပွဲမှာ Darcis က Nadal ကို ၇-၆၊ ၇- ၆၊ ၆-၄ နဲ့ ၃ ပွဲ အပြတ် အနိုင်ရသွားတာကြောင့် ပွဲကြည့်သူ အတော်များများ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ကြပါတယ်။

နဒါးလ်ဟာ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတုန်းကလည်း ချက်နိုင်ငံက လူးကပ်ရိုဆိုလ်ကို ဒုတိယအဆင့်မှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့၊ အခုတကြိမ်က နဒါးလ်အတွက်တော့ ဂရန်းစလမ်း ပြိုင်ပွဲတွေမှာ ပထမဆုံးအကြိမ် ပထမအဆင့် ပြိုင်ပွဲကနေ ထွက်လိုက်တာ ဖြစ်ပါတယ်။

နဒါးလ်ဟာ ဒူးဒဏ်ရာကြောင့် တင်းနစ်ပြိုင်ပွဲတွေက ၇ လအကြာ နားနေခဲ့ပြီး သိပ်မကြာသေးခင်ကမှ ပြန်ကစားလာခဲ့တာပါ။

နဒါးလ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကပဲ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပြင်သစ်အိုးပင်းကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ထားတာပါ။ အခုလို ရှုံးသွားတဲ့အတွက် နဒါလ်းဟာ ဘရာဇီးနိုင်ငံက ဂူစတာဗို ကာတင် ပြီးရင်၊ ပြင်သစ်အိုးပင်းကို အနိုင်ရပြီး ဝင်ဘယ်လ်ဒန် ပထမအဆင့်မှာ ထွက်လိုက်ရတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

တနင်္လာနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ ဗြိတိန်နိုင်ငံက အန်ဒီ မာရီ က ဂျာမနီနိုင်ငံက ဘန်ဂျမင် ဘက်ကာ ကို ၆-၄၊ ၆ -၃၊ ၆ -၂ နဲ့ အနိုင်ရပြီး ဒုတိယအဆင့် တက်သွားပါတယ်။

အမျိုးသမီး တဦးချင်းပြိုင်ပွဲ ဘက်မှာတော့ ရုရှားနိုင်ငံက မာရီယာ ရှာရာပိုးဗား က ပြင်သစ်က မလာဒီ နိုဗစ်ချ် ကို ၇-၆ ၊ ၆-၃ နဲ့ အနိုင်ရသွားပါတယ်။
XS
SM
MD
LG