သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကော်မရှင် ကန့်ကွက်အဆို လွှတ်တော်တင်သွင်း


 ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသားတွေ ထည့်သွင်းဖွဲ့စည်းမယ့် ကိစ္စကို ရခိုင်အမျိုးသား ပါတီရဲ့ လွှတ်တော် အမတ်က ကန့်ကွက်ကြောင်း အရေးကြီး အဆိုကို လွှတ်တော်မှာ တင်သွင်းပါတယ်။ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဝေဖန်မှုနဲ့ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ နိုင်ငံခြားသားတွေကို ထည့်သွင်း ဖွဲ့စည်းတာဟာ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စဖြစ်သွားစေနိုင်တယ်ဆိုပြီး အခုလို ကန့်ကွက်ရတာ ဖြစ်တယ်လို့ အရေးကြီး အဆို တင်သွင်းခဲ့တဲ့ ပေါက်တော လွှတ်တော် အမတ် ဦးအောင်ကျော်ဇံက ပြောပါတယ်။ မသိင်္ဂ ီထိုက်က ဦးအောင်ကျော်ဇံကို ဆက်သွယ်မေးမြန်းတာမှာ အခုလို စပြီး ပြောပါတယ်။

“ကျနော်တို့က စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက သာမန်ပြည်တွင်းက လူတွေလုပ်တာတောင် အခက်ကြုံဖြစ်မယ့်ကိစ္စကို နိုင်ငံခြားသားတွေ ခေါ်ပြီးတော့မှ လုပ်မယ်ဆိုတာ မအောင်မြင်နိုင်ဘူး ပိုပြီး ဇာတ်လမ်းရှည်စရာပဲ ရှိတယ်လို့ မြင်လို့ ကျနော်တို့ ကန့်ကွက်တာပါ။

မေး။ ။ ဒီ နိုင်ငံတကာက လေးစားခံရတဲ့ လူတွေပါဝင်လာမယ်ဆိုတဲ့ အခါမှာ ရခိုင်အရေးမှာ ဘက် ၂ ဘက် ကြားမှာ ကြားလူအနေနဲ့များ မဖြစ်နိုင်ဘူးလားရှင့်။

ဖြေ။ ။ ကြားလူကတော့ မဖြစ်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူရဲ့အာဘော်အရ ဟိုးအရင် သူတို့ရဲ့ History ကိုကြည့်လိုက်တဲ့အခါကျတော့ လူ့အခွင့်အရေး ၊ လူ့အခွင့်အရေးနဲ့ တောက်လျှောက်အော်လာပြီးခါမှ တဘက်ဘက်ကို ရပ်တာတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ဒီတခါမှာလည်း ဒီလိုပဲ လာလိမ့်မယ်လို့ ကျနော် အဆိုပြုချက်ထဲမှာလည်း ပါပါတယ်။ မယုံမှုပေါ့လေ။

မေး။ ။ ဆရာတို့က တဘက်က ဒီ မွတ်ဆလင်အသိုင်းအဝိုင်း ဘက်ကို ပိုပြီးတော့ ဒီလူတွေဟာ ရပ်တည်လိမ့်မယ်လို့ ဆိုလိုပါသလားဆရာ။

ဖြေ။ ။ အဲလိုကတော့ တရားဝင်တော့ ပြောလို့မရဘူး သို့သော်သံသယရှိတယ်ပေါ့ဗျာ။

မေး။ ။ အဲဒီတော့ ဒီကော်မရှင်ထဲမှာ ဦးဝင်းမရ တို့လို ထင်ရှားတဲ့ ရခိုင် ကိုယ်စားလှယ်တော်ကြီးတွေလည်း ပါပါတယ်ဆရာ။ ဒီမွတ်ဆလင်ဘက်က နည်းတောင်နည်းနေတယ်လို့တောင်ပြောလို့ ရမလားမသိပါဘူး။ အဲဒီတော့ ဒီ ကော်မရှင်အပေါ်မှာရော ဆရာတို့အနေနဲ့ အားရကျေနပ်မှု မရှိဘူးလား။

ဖြေ။ ။ ကော်မရှင်အပေါ်မှာ အားရကျေနပ်မှုမရှိဘူးလို့ တော့မပြောဘူး။ ကျနော်တို့ ကော်မရှင် ဖျက်သိမ်းလိုက်ပါ လို့မပြောဘူး။ ဒီလူတွေကို တိုင်းရင်းသားတွေနဲ့ အစားထိုးလိုက်ပါလို့ပဲပြောတာ။ ကျနော်က ဖျက်သိမ်းဖို့လည်းမပြောဘူး ကော်မရှင်က လုပ်တဲ့အလုပ်ကိုလည်း ကျနော်တို့ မကန့်ကွက်ဘူး။ Foreigner ကို ကန့်ကွက်တာ။

မေး ။ အဲဒီတော့ ဆရာတို့က ဒီနေရာမှာ ဘယ်သူတွေနဲ့ အစားထိုးဖို့များ ဆရာတို့ ရည်ရွယ်ထားတာ ရှိပါသလား။

ဖြေ။ကျနော်တို့မှာတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ်လို့တော့ တိတိကျကျ ရည်ရွယ်ထားတာမရှိဘူး။ သို့သော်လည်း ကျနော့် Proposal ထဲမှာလည်း ပါပါတယ်။ တိုင်းရင်းသား ညီအကိုများထဲကပဲ ၊ တိုင်းရင်းသားညီအကိုထဲမှာလည်း Politician ၊Technician တွေရှိတာကိုဗျ ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေနဲ့ အစားထိုးဖို့ပါပဲ။”

ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ အရေးကြီး အဆိုကို ဆွေးနွေးဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်အရ ဆွေးနွေးဖို့ လွှတ်တော် ဥက္ကဌက သဘောတူလိုက်ပြီး လာမယ့် သတင်းပတ် အတွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် အမတ်တွေ ကြီးစိုးတဲ့ လွှတ်တော်တွင်း မဲခွဲရာမှာတော့ အနိုင်ရနိုင်ခြေ မရှိဘူးလို့လည်း အရေးကြီး အဆိုတင်တဲ့ ပေါက်တော လွှတ်တော်အမတ် ဦးအောင်ကျော်ဇံက ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန်ထားချက် အရ ဖွဲ့စည်းမယ့် ရခိုင်ပြည် အကြံပေး ကော်မရှင်မှာတော့ မြန်မာနိုင်ငံသား အဖွဲ့ဝင်တွေနဲ့ အတူ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နဲ့ နိုင်ငံတကာက ထင်ရှားကျော်ကြားသူ ၃ ဦးလည်း ပါဝင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG