သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား-မန္တလေး ရထားလမ်း ပေါက်ကွဲမှုဖြစ်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာရုံ တခုက ဈေးသည်တချို့ (ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၃)။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မီးရထားဘူတာရုံ တခုက ဈေးသည်တချို့ (ဇန်နဝါရီလ ၆ ရက်၊ ၂၀၁၃)။
စစ်ကိုင်းတိုင်းဒေသကြီး နဘား ဘူတာအနီးက တံတား ၂ စင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြစ်ကြီးနား- မန္တလေး ရထားခရီးစဉ်တွေဟာ မနေ့ည ၈ နာရီကနေ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်ဆိုင်းထားရပါတယ်။ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ တံတားတွေဟာ မြစ်ကြီးနား - မန္တလေးနဲ့ နဘား - ကသာ ရထားလမ်းနှစ်ခု ဆုံမှတ်နေရာမှာ တည်ရှိတာဖြစ်ပြီး ကသာလမ်းပိုင်းက တံတားက ပိုမိုပျက်ဆီးသွားတာကြောင့် ကသာရထား အသွားအလာတွေ နောက်ရက် အနည်းငယ်အထိ ပြေးဆွဲနိုင်ဖွယ် မရှိသေးပါဘူး။ ကချင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တို့ကြား တကြော့ပြန် ကြီးထွားလာနေချိန်မှာ ပေါ်ပေါက်လာနေတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တချိန်တည်းမှာ မြစ်ကြီးနား - မန္တလေး မီးရထားလမ်းဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဆိုသလို မိုင်းခွဲ တိုက်ခံတာတွေ ခံနေရတာဖြစ်ပါတယ်။မနေ့ညဦးပိုင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်နဲ့ နဘားဘူတာအကြားက နဘားဘူတာအနီး ကသာလမ်းခွဲက တံတားတစင်း မိုင်းခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ဒီလို မိုင်းခွဲတိုက်ခိုက်တဲ့ အခြေအနေကိုတော့ အင်းတော်ဒေသခံတယောက်က အခုလို ပြောပါတယ်။

“နဘားဘူတာ ဝင်ခါနီး ကသာလမ်းခွဲ လမ်းကြောတကြော ရှိတယ်။ မြစ်ကြီးနား - မန္တလေး တံတားက လမ်းကြောတကြော၊ အဲဒီ တံတား ၂ ခု ဆုံမှတ်ထားပြီးတော့ ဗုံးပေါက်ကွဲပါတယ်။ ကျနော်တို့ ဒီကနေပြီးတော့ ကြားရတယ်။ မြေတွေကို တုန်သွားတာပဲ။ ညကဆိုရင် ခန့်မှန်းချေကတော့ ၈ နာရီကျော်ကျော်လောက်နေမှာဗျ။ ကျနော်တို့ မြို့ကလူတွေကတော့ ထိတ်လန့်သွားတာပေါ့ဗျာ။ ဒီလိုမျိုးကလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာ မရှိဘူးလေ။ ပထမဆုံးအကြိမ်ဖြစ်တဲ့ ကိစ္စပေါ့။”

မိုင်းပေါက်ကွဲခဲ့တာကြောင့် မြစ်ကြီးနား - မန္တလေး ရထားလမ်းပိုင်းဘက်ကတော့ ဇလီဖားတုံးတွေ မီးလောင်ပျက်ဆီးပြီး သံဘောင်တွေ ကွေးကောက်သွားခဲ့သလို ကသာရထားလမ်းပိုင်းဘက်က တံတားအောက် ခြေတိုင်တွေ ပျက်ဆီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တံတားလမ်းပိုင်းတွေ ပျက်ဆီးခဲ့တဲ့နောက် မြစ်ကြီးနား - မန္တလေး အစုန်၊ အဆန်ရထားတွေ အားလုံးဟာ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရပ်တန့်သွားခဲ့ပါတယ်။ သက်ဆိုင်ရာက ပျက်ဆီးသွားတဲ့ တံတားတွေကို ချက်ချင်း ပြင်ဆင်ခဲ့ကြပြီး ဒီနေ့ မွန်းလွဲပိုင်းမှာတော့ မြစ်ကြီးနား - မန္တလေး ရထားတွေ ပြန်လည် ပြေးဆွဲနိုင်မယ်လို့ အင်းတော်ဘူတာက တာဝန်ရှိသူတယောက် က ပြောပါတယ်။

“ခုချိန် ၂ နာရီ ပွင့်မယ်လို့တော့ ပြောတယ်။ ၂ နာရီတော့ ထိုးသွားပြီ မပွင့်သေးဘူး။ နောက် နာရီဝက်အတွင်းလောက်တော့ ပွင့်မှာပါ။ အဲ နဘား - ကသာကတော့ သူက အုတ်တိုင်တခုလုံးနီးပါး ပျက်ဆီးသွားတာပေါ့။ သူကလည်း ဒါပြီးရင် ဆက်လုပ်မှာပါပဲ။ တရက်ပါပဲ။ နောက်ရက်လောက်ဆို သွားနိုင်ပါပြီ။ ယာယီပြုပြင်ပြီးတော့ သွားကြမှာပါပဲ။”

ညနေ ၃ နာရီလောက်မှာတော့ မြစ်ကြီးနား - မန္တလေး ရထားလမ်း ပြန်ပွင့်သွားပြီဖြစ်တယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

တံတားမိုင်းခွဲတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက KIA ရဲ့လက်ချက်အဖြစ် ပြောဆိုနေသလို ပြီးခဲ့တဲ့ ၁၃ ရက်နေ့ မနက်က အင်းတော်မြို့နယ် နန့်စီးအောင်နဲ့ မော်လူးဘူတာအကြား မြစ်ကြီးနား - မန္တလေး အထူးအိပ်စင်းရထား မိုင်းခွဲတိုက်ခိုက်မှုကိုလည်း KIA ရဲ့လက်ချက်ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

KIA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကတော့ ဒီနှစ်နှစ်ဆန်းက စတင်ပြီး မီးရထားတွေနဲ့ လမ်းတံတားတွေကို ဗုံးခွဲတိုက်ခိုက်တာမျိုး မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ တုံ့ပြန်ပါတယ်။
လောလောဆယ်မှာတော့ ဗန်းမော်ခရိုင် မန်စီမြို့နယ်နဲ့ ဖားကန့်ဒေသဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး KIA ဌာနချုပ် လိုင်ဇာမြို့ကို အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ လိုင်ဇာက ဒေသခံတယောက်က ပြောပါတယ်။ မနေ့တုန်းက လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ KIO ရဲ့ ပြောဆိုချက်ကိုတော့ မြန်မာ အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ မမှန်ဘူးလို့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေတဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ KIA အကြား တနှစ်ခွဲကျော် ကြာမြင့်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁ သိန်းခွဲကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ကြီးတွေဆီကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေ အပါအဝင် ပြည်သူ့လွှတ်တော်က စစ်ရေးတင်းမာမှုအရှိန် လျှော့ချဖို့အတွက် နှစ်ဘက်တပ်တွေကို တိုက်တွန်းခဲ့ပေမဲ့ ဒီကနေ့ထိတော့ တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး တွေ့ဆုံဆွေးနွေးမယ့် အခြေအနေဟာလည်း မရေမရာရှိနေပါတယ်။
XS
SM
MD
LG