သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တပ်နှင့် တိုက်ပွဲအတွင်း မြန်မာတပ်ရင်းမှူးး အပါအဝင် ထိခိုက်ကျဆုံးမှုတွေရှိ


ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)
ရခိုင်တပ် AA နဲ့ မြန်မာစစ်တပ် စစ်ဖြစ်နေတဲ့နေရာပြမြေပုံ။ (သတင်းဓာတ်ပုံ-ပြန်ကြားရေး MOI)

မြန်မာအစိုးရနဲ့ NCA အပစ်ရပ် စာချုပ်လက်မှတ် မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာ တပ်မတော်တို့ အကြား သင်္ကြန်အတက်ရက် အတွင်း ရခိုင်ပြည်နယ် ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ လို့ ဒေသခံပြည်သူတွေ ကြောက် လန့်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့ရာမှာ ရခိုင့်တပ်မတော်နဲ့ ဆက်စပ်ပြီး အဖမ်းဆီးခံရတဲ့သူ(၄)ဦး လွတ်မြောက် ခဲ့တာကို ကြိုဆိုလိုက်ပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး လောလော ဆယ် ကျေနပ်လောက်တဲ့ အစီအစဉ် ချမှတ် လုပ်ဆောင်တာမျိုး မရှိသေးဘူးလို့ ရခိုင့်တပ်မတော်က ပြောဆိုလိုက်ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

သင်္ကြန်ကာလ နှစ်သစ်ကူးပြောင်းချိန်မှာ ရခိုင်ပြည်နယ် အတွင်းမှာတော့ ဒေသတွင်း လှုပ်ရှားနေတဲ့ ရခိုင့်တပ်မတော် AA အမှတ်(၂) စစ်ဒေသ တပ်ဖွဲ့တွေ နဲ့ မြန်မာ့ တပ်မတော်တို့ အကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင် နဲ့ ကျောက်တော်မြို့နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ ရခိုင့် တပ်မတော် ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

" တိုက်ပွဲဖြစ်တာကတော့ နှစ်ကြိမ် နှစ်နေရာမှာဖြစ်တာ။ တနေရာကတော့ ရသေ့တောင်မြို့နယ် လောရမ တောင်တန်းမှာဖြစ်တာ တကြိမ်ရယ်၊ ညနေပိုင်းမှာ ထပ်ပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျော်တော်မြို့နယ် အစပ် နတ်သရွေး ဆိုတဲ့ ရွာနားမှာ တကြိမ်ဖြစ်တယ်။ နတ်သရွေးရွာနားမှာ ဖြစ်တဲ့ တိုက်ပွဲမှာတော့ မြန်မာ တပ်မတော် ခလရ ၂၃၂ စစ်တွေအခြေစိုက်ပေါ့လေ တပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်း အဲ့မှာ ကျသွားတယ်။ နောက်ပြီး တခြား အရာရှိစစ်သည်တွေပေါ့လေ အဲ့မှာ သူတို့ဘက်က အကျအဆုံးများသွားတယ်။

ကျနော်တို့ဘက်က သွားတိုက်တာမဟုတ်ဘူး။ သူတို့ဘက်ကနေ ကျနော်တို့ရှိတဲ့နေရာကို ထိုးဖောက်ပြီးတော့ အတင်းဝင်ရောက်လာတော့ အဲ့ဒီ့မှာ ထိတွေ့မှုကဖြစ်တာ။ "

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်(လောရမတောင်တန်း) သြရမတောင်တန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်-ကျောက်တော်မြို့နယ်အစပ် ယိုးချောင်း အထက်နတ်သရဲကျေးရွာအနီး (၂)နေရာတိုက်ပွဲဖြစ်ပွါး ခဲ့တာပါ။

ဧပြီလ(၁၆)ရက်နေ့ကဖြစ်ပွါးခဲ့တဲ့နှစ်ဖက်တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က အရာရှိကြီးတွေ အပါအဝင် ထိခိုက်မှု များပြားတယ်လို့ ရခိုင်တပ်မတော်ဘက် က ပြောဆိုခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရရှိခဲ့ပါဘူး။

နှစ်ဆန်းတရက်နေ့အထိတော့ မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ခိုင်သုခက ဆိုပါတယ်။

အခုလိုနှစ်ဘက်တပ်ဖွဲ့ အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အကြားမှာ ကြောက်လန့်မှုတွေ ရှိနေတယ်လို့ ကျောက်တော်မြို့နယ်ဒေသခံ ဦးဇော်ဝင်းက ပြောပါတယ်။

ရခိုင်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ဟာ၂၀၁၄ခုနှစ် မတ်လ နဲ့ဧပြီလ ကတည်းက စတင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်းမှာ ဒေသ အတွင်းဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် သံတံတား ကျေးရွာ နဲ့ ကျောက်တော်မြို့နယ် ဘာအီကျေးရွာသား(၃၀၀)ကျော်ဟာ နေရပ်ကို စွန့်ခွါပြီး မြောက်ဦးမြို့နယ်က ကျီရာပြင်၊ စေတီတောင်၊ ကျောက်တော်မြို့နယ် က ရွာမပြင်ကျေးရွာတွေမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေကြ ရပါတယ်။

ဒီစစ်ပြေးတွေကို ယာယီနေအိမ်တွေဆောက်လုပ်ပေး ထားပြီးကူညီစောင့်ရှောက်ထားရဆဲလို့ ကျောက်တော်မြို့နယ် ဒေသခံ ဦးဇော်ဝင်းကအခုလိုပြောပါတယ်။

" သူတို့ကို ရွာမပြင် ရွာစဉ်ဘေးမှာ တဲအိမ်လေးတွေ ဆောက်ပြီးတော့ ချထားတယ်။ ကျနော်တို့ မကြာ မကြာ သွားပြီးတော့ ကူညီဖြစ်ပါတယ်။ သူတို့က နေရပ်ကို ပြန်လို့ မရတော့ဘူးလေ။ မပြန်ခိုင်းတော့ဘူး။ သူတို့မှာလည်း ဆုံးရှုံးတာလည်း မပြောနဲ့တော့ သူတို့တွေလည်း တော်တော်လေးကို အခြေအနေဆိုးနေပြီ။ "

မြန်မာနိုင်ငံမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်မယ်လို့ တိုင်းရင်းသားအဖွဲ့တွေကမျှော်လင့်နေကြတာပါ။

မနေ့ကလဲ နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးခဲ့ရာမှာ ရခိုင့်တပ်မတော်နဲ့ဆက်စပ်ပြီး အဖမ်းဆီး ခံရတဲ့သူ(၄)ဦးလဲလွတ်မြောက်ခဲ့ပါတယ်။

နိုင်င့တော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်လုပ်ဆောင်ချက်အပေါ် ရခိုင်တပ်မတော် အနေနဲ့ ထောက်ခံကြိုဆိုတယ် လို့ ပြန်ကြား ရေးတာဝန်ခံ ခိုင်သုခကဆိုပါတယ်။

ရခိုင်တပ်မတော်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ် လိုင်ဇာမှာအခြေပြုပြီး ၂၀၁၄ခုနှစ်လောက်မှာ ရခိုင်ပြည် နယ်ဒေသအတွင်းကို ဝင်ရောက် လှုပ်ရှားလာခဲ့သလို မြန်မာ့တပ်မတော်နဲ့လဲ စစ်ရေးပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းနိုင်ဖို့အတွက် ရခိုင်တပ်မတော်အနေနဲ့ လက်နက် စွန့်လွှတ်ဖို့ပြည်နယ်အစိုးရကနေ ဖေဖော်ဝါရီ(၇)ရက်နေ့မှာ ကမ်းလှမ်းခဲ့ပေမဲ့ ရခိုင်တပ်မတော်ကနေ လက်မခံခဲ့ပါဘူး။

ရခိုင့်တပ်မတော်AAဟာ မြန်မာအစိုးရအဖွဲ့ကနေ NCAခေါ် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ လက်မခံသေးတဲ့အဖွဲ့တခုလဲဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFCခေါ်ညီညွတ် သော တိုင်းရင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ရခိုင်တပ်မတော် AA နဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရပြန်ကြားရေးဌာနဘက်က ဧပြီလ ၁၈ရက်နေ့ နေ့စွဲနဲ့ ကျောက်တော်ဝင်ရောက်လာတဲ့ ရခိုင်တပ်တွေကို တပ်မတော်စစ်ကြောင်းတွေဘက်က နယ်မြေရှင်းလင်းရေး လိုက်လံလုပ်ဆောင်ခဲ့ပြီး ရခိုင်တပ်ဘက်က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်မတော်မှ ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဆိုတာကို မြေပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG