ရခိုင်ပြည်နယ် တပြည်နယ်လုံးကို အရေးပေါ်အခြေအနေဖြစ် ကြေညာလိုက်ကြောင်း ဒီကနေ့ ည ၈ နာရီ သတင်းစဉ်အတွင်းမှာ ထည့်သွင်း ကြေညာသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အခုအသံမလွှင့်ခင်ကလေးကပဲ တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ တည့်သွင်း ပြောကြားသွားတာပါ။
“တဘက်နဲ့တဘက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်သာမက ပိုမိုကျယ်ပြန့် ပွားများလာစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ တခြားသော ပယောဂများလည်း ပါဝင် ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျနော်တို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် စိတ်ဓာတ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်စေတာကို မိဘပြည်သူများအားလုံး အထူး ဂရုထားကြစေချင်ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စဉ်ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွားရအောင်လည်း စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။”
သမ္မတက ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်းပြီး နိုင်ငံတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းသွားပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်အတွင်းက မြို့နယ်တချို့မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်အစိုးရက ပုဒ်မ (၁၄၄) ကို မနေ့က ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ အခြေအနေတွေဟာ တည်ငြိမ်မှု ရှိမလာဘဲ အကြမ်းဖက် ဆူပူမှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့်ဆိုပြီး ရခိုင် တပြည်နယ်လုံးကို အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာပါ။
“ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ထုတ်ပြန် ဆောင်ရွက်လိုဖြင့် ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၂)၊ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်တွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ အပိုဒ် (၃)၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၁၃)၊ ပုဒ်မခွဲ (က) အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။ အပုဒ် (၄)၊ ၏အမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစုံတရာ ထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်သည်။”
ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာလိုက်တဲ့အကြောင်း မြန်မာ့အသံက ထုတ်လွှင့်သွားတာ ဖြစ်ပါတယ်။