သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင့်တပ်မတော် AA တိုက်ခိုက်မှု မြန်မာရဲ ၁၃ သေ၊ ၉ ဦး ဒဏ်ရာရ အစိုးရထုတ်ပြန်


၄-၁-၂၀၁၉ ရက်နေ့တွင် AA သောင်းကျန်သူအဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ
၄-၁-၂၀၁၉ ရက်နေ့တွင် AA သောင်းကျန်သူအဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းလေးခုကို ရခိုင့်တပ်မတော် AA က ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြန်ပါတယ်။

လွတ်လပ်ရေးနေ့ဖြစ်တဲ့ဇန်နဝါရီလ ၄ ရက်မနက်စောစောမှာ AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ မြန်မာ ကင်း စခန်းလေးခုကို တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ငမြင်း ဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ကထီးလှ ရဲကင်းတွေကို AA အဖွဲ့ဝင်တွေ ၂၅၀ လောက်က သောကြာနေ့ မနက် ၆ နာရီ ကျော်မှာ တိုက်ခိုက်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ကပြန်လည်တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အထဲမှာ ရဟတ်ယာဉ် ၂ စီး နဲ့ လေကြောင်းကနေ လည်း မနက် ၈နာရီကျော်မှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ မနက် ၉ နာရီကျော်မှာတော့ AA အဖွဲ့တွေဆုတ်ခွါသွားခဲ့တယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင့်တပ်မတော် AA အဖွဲ့ရဲ့ အခုလိုတိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ပို ရှုပ်ထွေးသွားစေပြီး မတည်ငြိမ်မှုတွေ ရခိုင်ပြည်နယ်အတွင်း မြင့်တက်လာအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း မြန်မာအစိုးရကဆိုပါတယ်။

AA အဖွဲ့ကလည်း သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ ဟုတ်မှန်ကြောင်း၊ သုံ့ပန်းအဖြစ် ၁၄ ဦးကို ဖမ်းထားကြောင်း AA အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ကပြောထားပါတယ်။ ၂၀၁၈ ခုနှစ် ကုန် ပိုင်းကစပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ကျောက်တော်မြို့နယ်တွေမှာ AA ရခိုင့် တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေခဲ့တာဖြစ်ပြီး ဒီလိုတိုက်ခိုက်မှုတွေ ကြောင့် စစ်ဘေးရှောင်လူဦးရေ သုံးထောင်လောက်ရှိနေပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက စာရင်းပြုစုထားပါတယ်။

မြန်မာစစ်တပ်က NCA လက်မှတ်ထိုးအပစ်ရပ်အဖွဲ့တွေ ရော လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ အပစ်အခပ်ရပ်စဲမှုတွေ လေးလကြာ လုပ်ထားမယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက ကြေညာချက် ထုတ်ထားပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG