ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်ကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကိုအခြေခံပြီး တင်ပြထားပါတယ်။
စစ်တပ်ရဲ့ အနောက်တိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA ဘက်က လနဲ့ချီ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၂၀ ရက် သောကြာနေ့ နေ့လယ်မှာတော့ သိမ်းပိုက်လိုက်ပါတယ်။ လက်ရှိမှာ အမ်းမြို့နယ်တခုလုံးကို AA က ထိန်းချုပ်ထားနိုင်ပြီလို့ အာရက္ခတပ်တော်ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
“၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ် ၁၂ နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးအရာရှိနဲ့ ဒုတိုင်းမှူးတို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ခိုင်သုခက ပြောပါတယ်။
“နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီးဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို လည်းပဲ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ တချို့ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုတော့ လိုက်လံချေမှုန်းဖမ်းဆီးလျက်ရှိပါတယ်။ ဒါ့ကြောင့် အနောက်ပိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နယ်တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။”
မြန်မာစစ်တပ်ရဲ့ စစ်တိုင်းဌာနကြီးတခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က ဒုတိယအကြိမ် သိမ်းပိုက် နိုင်ခဲ့တာဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကို ကိုးကန့် MNDAA တပ်တွေက အခု ၂၀၂၄ ဩဂုတ်လဆန်းမှာ သိမ်းယူခဲ့ပါတယ်။ အခုတခါလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA ဘက်က သိမ်းလိုက်တာကြောင့် စစ်ကောင်စီဘက်က ဒုတိယမြောက် စစ်တိုင်းကြီးတခု ထပ်မံဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ လက်နက်ချတဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်သံ ဖိုင်တွေကိုလည်း AA ဘက်က ထုတ်ပြန်ထားပါတယ်။ ရခိုင်မြောက်ပိုင်း မောင်တောမြို့ တိုက်ပွဲမှာ လည်း စစ်ကောင်စီ တပ်သားအများအပြား ထိခိုက်ဒဏ်ရာရတာနဲ့ အလံဖြူထောင် လက်နက်ချ အညံ့ခံတဲ့ ရုပ်သံတွေ၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အရာရှိ စစ်သည် အများအပြား ဖမ်းဆီးခံရတဲ့ပုံတွေနဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့မှာ အသေဖမ်းဆီးရမိတဲ့အကြောင်းတွေကို AA ဘက်က ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဂွမြို့နယ်ထဲ စစ်တပ်ရဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်နှစ်ခုမှာ ၅၆၃ ကို AA ဘက်က မနေ့က အပြီးသိမ်း လိုက်ပြီလို့ ရခိုင်တောင်ပိုင်း စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။
“အဲဒီခမရ ၅၆၂ နဲ့ ၅၆၃ ကို အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်နေတယ်။ အဲမှာ ၅၆၃ ကိုတော့ မနေ့ကညမှာ အပြီးသိမ်းလိုက်ပြီလို့ ကြားတယ်။ မြို့ပေါ်မှာရှိတဲ့ ရဲစခန်းတွေကိုလည်း အာရက္ခ တပ် တော်ဘက်က ထိန်းချုပ်လိုက်ပြီလို့ သိရတယ်။ အခုဆိုရင် ၅၆၂ တပ်ရင်းတခုပဲ ကျန်ပြီ။ အဲဒီ ၅၆၂ ကို လည်း အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေတယ်။”
AA သိမ်းလိုက်တဲ့ ခမရ ၅၆၃ ဟာ ဂွနဲ့ ဧရာဝတီကြားမှာရှိတဲ့ တပ်ရင်းတခုဖြစ်ပါတယ်။ ဧရာဝတီဘက် ကနေ စစ်ကူတွေ မလာနိုင်အောင် ၅၆၃ အပါအဝင် ဂွ ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က သိမ်းပိုက်ပိတ်ဆို့ ထားတာဖြစ်တယ်လို့လည်း စစ်ရေးစောင့် ကြည့်သူတွေကပြောပါတယ်။
လက်ရှိမှာတော့ AA အနေနဲ့ ဂွနဲ့ ကျိန္တလီကြားမှာရှိတဲ့ လက်ကျန် ခမရ ၅၆၂ တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်နေပါတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်း ရေကြောင်းတွေကနေ အပြင်းအထန် ခုခံနေတယ်လို့ ရခိုင်တောင်ပိုင်း စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။
“လက်ရှိမှာတော့ ၅၆၂ တပ်ရင်းကို အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်နေတယ် စစ်ကောင်စီဘက် ကတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံနေတယ်၊ ဒီမနက်ပိုင်းကလည်း သူတို့ ရေကြောင်းကနေ လက်နက်ကြီးတွေ လှမ်းပစ်လို့ မြို့ပေါ်က နေအိမ်တချို့ မီးလောင်နေတာတွေရှိတယ်။ နောက်လေယာဉ် ပေါ်ကလည်း ဗုံးကြဲနေတာရှိတယ် မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။”
၂၀၂၃ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ကစလို့ စစ်တပ်နဲ့ AA ကြား တကြော့ပြန်တိုက်ပွဲတွေ ပြန်စခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၁၃ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက် ခဲ့ပါတယ်။ ဒီလထဲမှာလည်း တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂွမြို့နယ်ကို ဆက်လက် ထိုးစစ်ဆင်နေပြီး ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေ မြို့နယ်တွေကို AAဘက်က ပိတ်ဆို့ထားပါတယ်။ ရခိုင်ပြည်နည် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန် ထားတာမတွေ့ရသေးပါဘူး
Forum