သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေ နဲ့ မ တည်ငြိမ် တဲ့ ကျောက်တော် ဒေသ


ရခိုင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားစဉ် သိမ်းဆည်းရမိ လက်နက် ပစ္စည်းများ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
ရခိုင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားစဉ် သိမ်းဆည်းရမိ လက်နက် ပစ္စည်းများ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် နဲ့ မြန်မာ့ တပ်မတော်ကြား ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေ အတွင်း တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က တပ်ရင်းမှူး တဦး အပါအဝင် တပ်သားတချို့ ကျဆုံးတယ်လို့ မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA အဖွဲ့ဘက်က ကျဆုံးသူ ၃ ဦးရဲ့ အလောင်းတွေနဲ့ လက်နက်ခဲယမ်း တချို့၊ စားနပ်ရိက္ခာတွေနဲ့ စခန်းတချို့ကို သိမ်းဆည်းရမိပြီး AA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာနေပြီလို့လည်း မြန်မာ့တပ်မတော် သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

အစိုးရပြန်ကြားရေး သတင်းထုတ်ပြန်ချက်။
အစိုးရပြန်ကြားရေး သတင်းထုတ်ပြန်ချက်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျောက်တော်နဲ့ အနီးအနား ဒေသတွင်းက တည်ငြိမ်ရေး အခြေအနေတွေကို ကျောက်တော် မြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော် အမတ် ဦးစောငြိမ်းကို မသိဂီ ၤထိုက် ဆက်သွယ်မေးမြန်းတာမှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတယ်လို့ အခုလို စပြီး ဖြေကြားခဲ့ပါတယ်။

ဦးစောငြိမ်း။ ။ လက်ရှိအခြေအနေကတော့ ကျနော်တို့ သတင်း ကြားရသလောက် ဆိုလို့ရှိရင် လက်ရှိအခြေအနေအထိ စစ်က ဖြစ်နေပါတယ်ခင်ဗျာ။ ဟုတ်ကဲ့။

မသိဂီ ၤထိုက် ။ ။ ဒီဒေသတွင်း အခြေအနေ ဘယ်လိုရှိပါလဲ။ လူတွေ စစ်ကြောင့် ထွက်ပြေးတာလား။ ကြောက်ပြီးတော့ ရှောင်နေတာလားရှင့်။ အခြေအနေ ဘယ်လိုရှိပါလဲ။

ဦးစောငြိမ်း။ ။ အဓိက ကတော့ ကျနော်တို့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဒီဘက်နယ်တွေက စိုးရိမ်မှု၊ ပူပန်မှုတွေရှိနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ညဘက်ဆိုရင် သိပ်မထွက်ရဲဘူးဗျာ။ အဓိက ပေါ်တာဆွဲမှာတို့ ဘာတို့ အရမ်းကို ကြောက်နေကြတယ်။ ဒီအပေါ်မှာလည်း ကျနော်က ပြောပါတယ်။ အဲ့လောက်ကြီးလည်း စိုးရိမ်မလွန်ပါနဲ့ ဘာညာပေါ့။ ဒါပေမဲ့ ဒေသခံတွေကျတော့ ဘယ်လိုဖြစ်မလဲဆိုတော့ ညဘက်ကြီး ထွက်တဲ့အခါကျလို့ရှိရင် ပေါ်တာ ဖမ်းမှာတို့ ဘာတို့။ တချို့ ကျေးရွာတွေမှာလည်း ပေါ်တာ ဖမ်းမှာတို့ ဘာတို့က ကျနော်တို့က သတင်းရတယ်လေ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ကလည်း တိတိကျကျ ကျနော်တို့ ဘယ်လိုပြောရမလဲ။ ပေါ်တာ ဆွဲတာတို့ ဘာတို့ကျတော့ မဖြစ်စေချင်ဘူး။

နှစ်ဦးနှစ်ဘက်အကြား NCA ကိစ္စကြောင့် ဖြစ်တဲ့ ပြဿနာက ဒီဘက်မှာကျတော့ AA က သူတို့က ရခိုင်ပြည်နယ်ဘက်မှာ တပ် လိုချင်တယ်။ အစိုးရပိုင်းကလည်း ဒီဘက်မှာ ရခိုင် AA အပေါ်မှာ ကျူးကျော် ဝင်ရောက်တယ် ထင်ပြီးတော့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်တဲ့အပေါ်မှာ ဒီအပေါ်မှာ ပြည်သူက၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ရော၊ ပြည်သူအနေနဲ့ရော စိတ်မကောင်းပါဘူး။ အဲ့တာကြောင့်မို့လို့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေ ယခုထက်ထိ ရှိနေပါသေးတယ်ခင်ဗျ။

မသိဂီ ၤထိုက် ။ ။ စစ်ရှောင်နေရတဲ့ အရေအတွက်ပေါ့နော်။ ဆရာတို့ သိရသလောက် ဘယ်လောက် လောက် ဖြစ်နေပြီလဲရှင့်။

ဦးစောငြိမ်း။ ။ စစ်ရှောင်ကတော့ ကျနော်တို့ မြောက်ဦး ရယ်၊ ကျောက်တော် ရယ် ပေါင်းလိုက်လို့ရှိရင် သုံးရာ ကျော်သွားပါပြီခင်ဗျာ။

မသိဂီ ၤထိုက် ။ ။ သူတို့အတွက် အကူအညီတွေရော ဆရာတို့ ဘယ်လိုစောင့်ရှောက်ပေးနေရပါလဲ။

ဦးစောငြိမ်း။ ။ ကျနော်တို့ဘက်က အကူအညီတွေက ဒီမှာ ဒေသခံတွေက အလှူခံတာတွေ ရှိတယ်။ နောက်ပြီးတော့ မနေ့က ရခိုင်ပြည်နယ်က ဝန်ကြီး ဦးကျော်သိန်း ကိုယ်တိုင် လာပြီးတော့ ကူညီထောက်ပံ့တာတို့၊ ကျန်းမာရေးဌာနက ဒုဦးစီးမှူးကိုယ်တိုင် လာပြီး ကူညီထောက်ပံ့တာလေး တွေတော့ ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ ကျနော်ပြောတာက ထမင်းစားနိုင်ရုံ အဝတ်တထည် ဝတ်နိုင်ရုံနဲ့ မပြီးပါဘူး။ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး တွေက အကုန်လုံး ဆေးဝါးတွေကအစ ဒီပြဿနာအပေါ်မှာ လိုက်ပြီး ဝင်ပါနေတဲ့အခါကျတော့ ဒီကိစ္စလေးတွေကလည်း ကျနော်က အေးအေးချမ်းချမ်း ဖြစ်စေချင်ပါတယ်ခင်ဗျာ။

မသိဂီ ၤထိုက် ။ ။ ဒီတိုက်ပွဲတွေကြောင့်မို့လို့ ဒေသတွင်း စီးပွားရေးနှောင့်နှေးသွားတဲ့ အနေအထားပေါ့နော်။ ဘာတွေ များတွေ့ရပါလဲရှင့် ဆရာ။

ဦးစောငြိမ်း။ ။ သိပ်ရှိတာပေါ့ ခင်ဗျာ။ သိပ်ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီဘက်မှာ ရှိတဲ့ နယ် တောင်သူတွေက သစ်တို့ ဝါးတို့ မှီပြီး လုပ်ကိုင်နေကြရတယ်။ အခုအချိန်က စပါးရိတ်ချိန်ဖြစ်တယ်။ စပါးရိတ်တဲ့အချိန် စပါးရိတ်လို့မရဘူး။ ဒီတောတောင်တွေထဲဆိုပေမဲ့ အဲ့ဒီ့မှာရှိတဲ့ မြေကွက်တွေမှာ စပါးရိတ်သိမ်းတာတို့ ယာခင်းလုပ်တာတို့ အဲ့တာလေးတွေ လုပ်တာရှိတယ်။ အခုက အဲ့တာတွေ အကုန်လုံးကို ပစ်ပြီးတော့ တောင်သူတွေက နော် ယာသူတွေက အကုန်လုံး ခိုလှုံနေရတယ်။ စစ်ရှောင်ဒုက္ခသည်အဖြစ် ဒီမှာ ခိုလှုံနေရတဲ့ အခါကျတော့ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စတွေက အစ အများကြီး နှောင့်နှေးမှု၊ ကြန့်ကြာမှုတွေ ၊ ဆုံးရှုံးမှုတွေရှိနေပါတယ်ခင်ဗျ။

မသိဂီ ၤထိုက် ။ ။ နောက်တခုကတော့ မနှစ်တုန်းကတော့ AA နဲ့ပတ်သက်လို့ ဆိုပြီးတော့ လူတချို့ ဖမ်းပြီးတော့ တရားစွဲခံရတာတွေ၊ စစ်ဆေးခံရတာတွေ ရှိပါတယ်။ အခုရော အဖမ်းအဆီးတွေ ဘာညာ ကြားရပါလားရှင့်။

ဦးစောငြိမ်း။ ။ အခုကတော့ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မကြားသေးပါဘူး။ ကျနော်တို့ AA နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်တုန်းက ကျီချောင်း၊ စပါးဆိပ်မှာ ဖြစ်တုန်း ကလည်း ကျနော် ကိုယ်တိုင် သွားပါတယ်။ အဲ့ဒီ့မှာ ကျနော် ဗျူဟာမှူးနဲ့လည်း တွေ့ပါ တယ်။ တပ်မမှူးနဲ့လည်း ကျနော် တွေ့ပါတယ်။ မလိုလားသင့်ပဲ ပြည်သူတွေကို ဖမ်းဆီးတာမျိုး မလိုလားအပ်တဲ့ ခေါ်ဆောင်တာမျိုး လူ့အခွင့်အရေးအရ မဖြစ်သင့်ဘူး ဆိုပြီး ကျနော်တို့ တကူးတက သွားရောက်ဆွေးနွေးပြီးတော့ ကျနော်တို့ ရခိုင်လူထု အပေါ်မှာ ကယ်တင်စောင့်ရှောက်တာတို့ အများကြီးရှိပါတယ်။ အခု ဒီအပေါ်မှာ လည်း ကျနော် သံသယဖြစ်နေတယ်။ စိုးရိမ်မကင်းဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစစ်ပြီးတာနဲ့ ဘယ်သူက ဘာကြောင့် ဘယ်လို ပတ်သတ်လဲဆိုပြီးတော့ အရေးယူတဲ့အပိုင်းတွေ ရှိလာမှာကို ကျနော့်အနေနဲ့ အခုထက်ထိ စိုးရိမ်မိပါတယ်ခင်ဗျ။

ကျောက်တော်မြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော်အမတ် ဦးစောငြိမ်းကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA ကို မြန်မာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် တပ်တခု အနေနဲ့ အသိအမှတ်မပြုဘဲ အပစ်ရပ်ရေးမှာ ပါဝင်ဖို့ ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG