သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်နိုင်ပါ့မလား


ကုလအတွင်းရေးမှူးဟောင်း ကိုဖီအာနန် (ဝဲ)၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ)
ကုလအတွင်းရေးမှူးဟောင်း ကိုဖီအာနန် (ဝဲ)၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ)

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဟာ ကြားဖြတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲကိုပါ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင် တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်အရ ဒီ ကြားဖြတ် အစီရင်ခံစာကို အစိုးရ၊ တပ်မတော် အပါအဝင် အခြား အဖွဲ့အစည်း အတော်များများကို ကြိုတင် ပေးပို့ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။ အစီရင်ခံစာ ထုတ်ပြန်ပြီးပြီးချင်း မြန်မြန်ဆန်ဆန် ထွက်ပေါ်လာတာကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကနေ အစီရင်ခံစာကို ကြိုဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ချက်ပါ။ ထုတ်ပြန်ချက်ထဲမှာ ကော်မရှင်ရဲ့ အကြံပြု တင်ပြချက် အများအပြားကို အချိန်မဆိုင်းပဲ ထိထိရောက်ရောက် အကောင်အထည် ဖော်သွားမယ် ဆိုတဲ့အကြောင်းလည်း ပါရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာထဲမှာ ဘယ်လို အချက်အလက်တွေ ပါသလဲ၊ ဒါတွေကို အစိုးရကနေ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

အကြံပေး ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာထဲမှာ အကြံပြုချက် အချက်(၃၀) ပါဝင်ပါတယ်။ အဲဒီထဲမှာ ဖော်ပြထားတာတွေကတော့ လူသားချင်းစာနာထောက်ထားမှုအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအားလုံး ပြသနာ ဖြစ်ပွားနေတဲ့ ဒေသတွေ အပါအဝင် ဒေသအားလုံးကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒီအချက်ကတော့ အစိုးရအနေနဲ့ လက်တွေ့မှာလည်း ခွင့်ပြုနေပြီဖြစ်တဲ့အတွက် ဆက်ပြီး ဆောင်ရွက်ဖို့ မခက်ခဲပါဘူး။ ဒါ့အပြင် ပြည်တွင်း ပြည်ပ သတင်းဌာနတွေကိုလည်း ဒေသတွင်း သွားရောက် သတင်းယူတာ ခွင့်ပြုသင့်တယ်လို့ အကြံပြုထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို ဒေသခံ မူဆလင်တွေ အကြမ်းဖက် တိုက်ခိုက်မှု အပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ကိုင်ချိန်က စလို့ အဲဒီဒေသတွင်း သတင်းရယူခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ခြင်းဟာ သတင်းစီးဆင်းမှု ပိတ်ဆို့ ဟန့်တားတာ ဖြစ်သလို၊ အစိုးရရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေတယ် လို့လည်း ကော်မရှင်က ထင်မြင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေ ပြည်တွင်း မီဒီယာ သမားတွေအနေနဲ့ ဘူးသီးတောင် မောင်တော မြို့ပေါ်တွေ အထိ လွတ်လွတ်လပ်လပ် သတင်းသွားယူလို့ ရပေမယ့် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေ အထိ သွားလာနိုင်ရေးကတော့ ကန့်သတ်ထားဆဲပါ။ နိုင်ငံတကာ သတင်းဌာနတွေကတော့ စစ်တွေကိုကျော်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားခွင့်မပြုသလို၊ စစ်တွေအနီးအနားက ဒုက္ခသည် စခန်း ၃-၄ ခုလောက်ကိုပဲ သွားရောက်ခွင့် ပေးထားတဲ့ အခြေအနေ ရှိနေပါတယ်။ ဒါပေမယ့် မောင်တော တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းချိန် ပြင်ပမီဒီယာတွေမှာ မှန်တဲ့သတင်းတွေရော၊ မမှန်တဲ့ လုပ်ကြံသတင်းတွေပါ အများအပြား ပေါ်ထွက်လာတဲ့ အချိန်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနဟာ သူတို့ ရွေးချယ်ထားတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ သမားတစ်ချို့ အဲဒီ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ နေရာတွေကို ခေါ်ပြခဲ့ပါတယ်။ နောက်ထပ် သတင်းမီဒီယာတွေကို စေလွှတ်မယ်လို့ ဆိုပေမယ့် ဒီကနေ့ထက်ထိ သွားခွင့်ပြုတာ မတွေ့ရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တကယ့်ကို အန္တရာယ်ရှိနိုင်တဲ့ နေရာတွေ မဟုတ်ရင် အစိုးရဟာ ရခိုင်ပြည်နယ်တစ်ဝှမ်း ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို သွားရောက် သတင်းရယူခွင့် ပြုသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်လိုက်ရင် ရခိုင်ပြည်နယ်ထဲမှာ တကယ်ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သက်သေ အထောက်အထားတွေနဲ့တကွ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာလေဦးမလား၊ ဒီကနေ တဆင့် နိုင်ငံတကာ ဖိအားတွေ တိုးသထက် တိုးလာလေမလား စိုးရိမ်စိတ် ရှိကောင်းရှိနိုင်တာမို့၊ အကန့်အသတ်နဲ့ သတင်းရယူခွင့်လောက်ပဲ ခွင့်ပြုလာလိမ့်မယ်လို့ ယူဆ ရပါတယ်။

ကြားဖြတ် အစီရင်ခံစာမှာ ပါတဲ့ အကြံပြုချက် တစ်ခုကတော့ ဒုက္ခသည် စခန်းတွေမှာ ရောက်နေသူတွေကို ပြန်လည် နေရာချထားပေးနိုင်ရေး ဖြစ်ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု မဖြစ်ပွားသေးစဉ် အချိန်တုန်းက အဲဒီ စခန်းတွေ ရှိခဲ့တာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စခန်းတွေ အများကြီး ပေါ်ပေါက်လာပြီး အများစုကတော့ မူဆလင် မိသားစုတွေ ဖြစ်ကြပါတယ်။ အခု ၄ နှစ်ကျော် ၅ နှစ် ဝန်းကျင် ရောက်လာချိန်ထိ အဲဒီလူတွေ သူတို့နေအိမ်တွေရှိရာ သူတို့ မပြန်နိုင်ကြသေးပါဘူး။ ဒီအချက်ကြောင့်ပဲ ရခိုင်ပြည်နယ်က မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်ဖို့ ပထမ အဆင့်အနေနဲ့ စခန်းတွေမှာ အကျယ်ချုပ်သဘော စုစည်းထားတာ ဖြစ်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာအစိုးရကို စွတ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေကို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ မတိုင်ခင် အခြေအနေ ပြန်ရောက်အောင် ဒုက္ခသည် စခန်းတွေကနေ ထုတ်ပြီး ပြန်လည် နေရာချထားပေးရမှာ ဖြစ်ပေမယ့် တပ်မတော်ခေါင်းဆောင်တွေနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ သဘောတူဖို့ သိပ်မလွယ်ကူပါဘူး။ သူတို့တွေ သဘောထားကတော့ အဲဒီလူတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ တိတိကျကျစစ်၊ နိုင်ငံသား မဖြစ်နိုင်ဘူး ဆိုရင် ဒီအတိုင်း စခန်းထဲမှာပဲ ထား၊ အခြားနိုင်ငံတွေက လက်ခံရင် အဲဒီနိုင်ငံတွေဆီ ပို့ပစ် ဆိုတဲ့ သဘောထားမျိုး ကိုင်စွဲထားကြလို့ပါပဲ။ ဒါကြောင့် အဲဒီ အကြံပြုချက်ကို အစိုးရက ခက်ခက်ခဲခဲ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီး အကြံပြုချက်ကတော့ အဲဒီဒေသကလူတွေ၊ အထူးသဖြင့် မူဆလင်တွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးရေး တိကျရှင်းလင်းတဲ့ မဟာဗျူဟာနဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်မယ့် အချိန်ကာလ သတ်မှတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကော်မရှင်ဟာ မူဆလင်တွေကို ဘယ်လို ဥပဒေနဲ့ နိုင်ငံသား စိစစ်ရမလဲ၊ ၁၉၈၂ နိုင်ငံသား ဥပဒေ ကို ပြင်ဆင်ဖို့ လိုမလား ဆိုတာကိုတော့ အကြံပေးမထားပါဘူး။ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အစိုးရအတွက် အခက်ခဲဆုံး ပြသနာကြီး ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့သာ တိတိကျကျ စိစစ်လိုက်ရင် အဲဒီဒေသက မူဆလင် အားလုံးနီးပါးလောက် နိုင်ငံသားဖြစ်ဖို့ မလွယ်ကူသလို၊ ဥပဒေအရ နိုင်ငံသား မဖြစ်ခဲ့ရင် အခြား အဆင့်အတန်း တစ်ခုခု သတ်မှတ်ပေးလို့လည်း မရနိုင်တဲ့ ပြသနာပါ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ အဆင့်အတန်း၊ စကားလုံးတွေ ပါပေမယ့် ဒါတွေဟာ အရင် ၁၉၄၈ ခုနှစ် ဥပဒေဟောင်းအရ သတ်မှတ်ထားပြီးသား လူတွေလောက်ပဲ အကျုံးဝင်တာမျိုး ဖြစ်နေလို့ပါ။ လက်ရှိ ဘာအထောက်အထားမှ မရှိသူတွေကို စိစစ်မယ် ဆိုရင် နိုင်ငံသား ဖြစ်ရင်ဖြစ် မဖြစ်ရင် နိုင်ငံခြားသားပဲ ဖြစ်ဖို့ ရှိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအကြံပြုချက်ကို ခက်ခက်ခဲခဲ အကောင်အထည် ဖော်ရမှာဖြစ်ပြီး အချိန်လည်း ကြာမြင့်နိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက် အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကောင်အထည် ဖော်ဖို့ ရည်ရွယ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း မြန်မြန်ဆန်ဆန်ပဲ ကြိုဆို၊ အကောင်အထည် ဖော်မယ့်အကြောင်း သတင်းထုတ်ပြန်လိုက်တာပါ။ ဒါပေမယ့် ဒီအကြံပြုချက်တွေကို လက်မခံ ကန့်ကွက်တဲ့အကြောင်း ထုတ်ပြန်ကြေငြာမယ့် အဖွဲ့အစည်းတွေ၊ ပါတီတွေ ထွက်ပေါ်လာနိုင်သေးသလို၊ အကြံပြုချက်တွေကို တကယ်လက်တွေ့ အကောင်အထည် ဖော်ရာမှာလည်း အယူအဆ သဘောထားချင်း မကိုက်ညီသူတွေ၊ အဖွဲ့အစည်းတွေရဲ့ တုန့်ပြန် ဆန့်ကျင်မှုကိုလည်း ခံရမှာ သေခြာပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG