သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဒုက္ခသည်အရေး ဗြိတိန်စိုးရိမ်


ဗြိတိသျှ နိုင်ငံခြားရေးရာနဲ့ ဓနသဟာယရုံး ဝန်ကြီး Hugo Swire။
ဗြိတိသျှ နိုင်ငံခြားရေးရာနဲ့ ဓနသဟာယရုံး ဝန်ကြီး Hugo Swire။
သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသခံတွေအတွက် အရေးပေါ် အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ဘူးဆိုရင် နောက်ဆက်တွဲ စိုးရိမ်စရာ အဖြစ်တွေ ကြုံရနိုင်တယ်လို့ ဗြိတိန်နိုင်ငံက ထိပ်တန်း တာဝန်ရှိသူ တယောက်က သတိပေးလိုက် ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ တွေကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပြီးနောက် ဗြိတိသျှ နိုင်ငံခြားရေးရာနဲ့ ဓနသဟာယရုံး ဝန်ကြီးက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ခဲ့တာ လအတော် ကြာလာတဲ့ အချိန်အထိ ဒုက္ခသည်တွေဟာ ယာယီခိုလှုံရာ စခန်းတွေမှာ ရှိနေဆဲဖြစ်ကြပြီး၊ နေထိုင်နေကြရတဲ့ အခြေအနေဟာလည်း စိုးရိမ်စရာ အဆင့်မှာ ရှိနေတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးရာနဲ့ ဓနသဟာယရုံး ဝန်ကြီး Hugo Swire ကပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ အတွက် လိုအပ်တဲ့ အကူအညီတွေကို မြန်မြန်ဆန်ဆန် ပေးအပ်ဖို့ စနေနေ့ ရန်ကုန်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“လူလူချင်း စာနာထောက်ထားမှုတွေ လိုအပ်နေတဲ့ အခြေအနေတွေ ကြီးကြီးမားမား ရှိနေတာပါ။ အင်မတန်မှ စိုးရိမ်စရာ အနေအထားတွေကို ကျနော် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရပါတယ်။ အစားအသောက်နဲ့ သန့်ရှင်းရေးအတွက် မပြည့်မစုံနဲ့ အထောက်အပံ့တွေ အပေါ်မှာသာ အားကိုးနေကြရတဲ့ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေး နေရသူ ထောင်ပေါင်းများစွာဟာ တဲလေးတွေနဲ့ ကျပ်ကျပ်သိပ်သိပ် နေထိုင်နေကြတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကျနော် ရောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အရေးတကြီး မဆောင်ရွက်ဘူး ဆိုရင်တော့ ဝမ်းနည်းစရာ အဖြစ်အပျက်ကြီးဟာ သက်ဆိုင်သူတွေ အားလုံးအတွက်တော့ နက်နက်ရှိုင်းရှိုင်း ဆက်ပြီး ရင်ဆိုင်နေရလိမ့်ဦးမယ် ဆိုတာ ဘယ်လိုမှ မလွဲနိုင်ပါဘူး။”

ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား ဒီနှစ်လည်ပိုင်းက စတင်ဖြစ်ပွားတဲ့ ပဋိပက္ခတွေ မကြာသေးခင် လတွေကအထိ ဖြစ်ပွားခဲ့ရာမှာတော့ လူပေါင်း ၂၀၀ လောက် အထိ သေဆုံးခဲ့ရသလို၊ ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ သွေးထွက်သံယို တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရသူတွေ လတ်တလော မပြည့်မစုံနဲ့ ယာယီဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရသလို၊ အခုအခါ ဆောင်းတွင်းကာလ ဝင်ရောက် လာတာနဲ့အမျှ လုံလောက်တဲ့ အကူအညီ အထောက်အပံ့တွေ မရနိုင်ဘူး ဆိုရင်တော့ အခြေအနေတွေဟာ ပိုဆိုးလာနိုင်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးရာနဲ့ ဓနသဟာယရုံး ဝန်ကြီး Swire က သတိပေးပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေကို ရရှိစေရေး ချက်ချင်းလက်ငင်း ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်သလို၊ အစားအသောက်နဲ့ ရေ လုံလောက်စေဖို့ သူတို့ရသင့်ရထိုက်တဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လုံခြုံရေး ရရှိဖို့တွေလည်း လိုအပ်နေပါတယ်။”

ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ရဲ့ ဒီလဆန်းပိုင်း ၄ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ ဒုက္ခသည်စခန်း ၈ ခုကို သွားရောက်ကြည့်ရှုခဲ့ပြီး သူတွေ့မြင်ရတဲ့ အခြေအနေတွေဟာ မကြုံဖူးလောက်အောင် ဆိုးရွားနေတယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ လတ်တလောမှာတော့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် ဒုက္ခရောက် နေသူတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ ၂၇ သန်း လက်ခံ ရရှိထားပေမဲ့ ရှေ့နှစ် ဇွန်လမတိုင်မီ နောက်ထပ် ဒေါ်လာ ၄၁ သန်း ရဖို့ လိုသေးတယ်လို့လည်း ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG