သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကျောက်ဖြူနဲ့ စစ်တွေမှာ အိမ်တွေမီးလောင်


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခံရပြီး လူနေအိမ်တွေ မီးလောင်နေပုံ။ ( Photo Crd -APM/မတ်လ ၆၊ ၂၀၂၅ )
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခံရပြီး လူနေအိမ်တွေ မီးလောင်နေပုံ။ ( Photo Crd -APM/မတ်လ ၆၊ ၂၀၂၅ )

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်ထဲမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့အတူ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ကြာသပတေးနေ့ နေ့လည်ပိုင်းက ကျောက်ဖြူမြို့နယ်ထဲက ဦးကင်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် (၁၄၀) နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးကင်းကျေးရွာမှာ အိမ်ခြေ (၁၇၀) ကျော်ရှိပြီး စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ (၃) မိုင် လောက်အကွာမှာ တည်ရှိပါတယ်။ အဲဒီကျေးရွာတွေအနီးမှာ စစ်တပ်နဲ့ AA ကြား ဖေဖော်ဝါရီ လကုန်ပိုင်းလောက်ကတည်းက နှစ်ဘက်တိုက်ပွဲတွေ စတင်ခဲ့တာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ထဲက ဝါဘိုကျေးရွာပေါ်ကိုလည်း စစ်တပ်က မနေ့ မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် (၃၀) ကျော် ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ြပထားတာတွေ့ရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ရခိုင်မှာ စစ်ကောင်စီက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို မကြာခဏဆိုသလို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် အရပ်သားသေဆုံးဒဏ်ရာရတာတွေနဲ့ နေအိမ်တွေ မီးလောင် ပျက်စီးတာတွေအများအပြားရှိနေတယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG