သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်၊ မောင်တောဒေသ လုံခြုံရေးနဲ့ စားနပ်ရိက္ခာ အခက်အခဲကြုံ


မောင်တောဒုက္ခသည်များ။ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)
မောင်တောဒုက္ခသည်များ။ (မောင်တော အလို တော်ပြည့် ကျောင်းတိုက်)

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မတည်မငြိမ်ဖြစ်နေဆဲရှိတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရိက္ခာအခက်အခဲနဲ့ လုံခြုံရေး အခြေအနေကြောင့် မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်တွေကို လူ ရာနဲ့ချီပြီး ပြောင်းရွှေ့လာနေကြသလို တချို့တတွေကတော့ စစ်တွေနဲ့ တခြားမြို့တွေကို ပြောင်းရေ့ွှနေကြပါတယ်။ တချိန်တည်းမှာပဲ အစိုးရတပ်မတော် ကမောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ၃မြို့နယ်ကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း က နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၉ရက်နေ့က အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပြီးနောက် နယ်မြေ မတည်မငြိမ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းက ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ရိက္ခာပြတ်လပ် တာတွေ ဖြစ်ပေါ်လာနေ တာနဲ့ပစ်ခတ်တာတွေ ဆက်လက်ဖြစ်ပေါ်နေ တာကြောင့် ကျေးလက်က တိုင်းရင်းသားတွေဟာ မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။

မောင်တောပေါ်ကိုတော့ ကျေးလက်က လူတွေရာနဲ့ချီပြီး ရောက်ရှိလာနေသလို တချို့တွေကတော့ မောင်တောမြို့ပေါ်ကနေ တခြားအရပ်ကို ပြောင်းရွှေ့နေ တယ်လို့ မောင်တောမြို့ အရေးပေါ်ကူညီထောက်ပံရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။

"ကျနော်တို့ မောင်တောနယ်က တိုင်းရင်းသားတွေက မြို့ပေါ်ကို ဒုက္ခသည်အဖြစ် ခိုလှုံလာကြပါတယ်ခင်ဗျ။ စားနပ်ရိက္ခာရှားပါးမှု၊ လုံခြုံရေးမလုံခြုံမှုတွေကြောင့် မြို့ပေါ်တွေကို တက်လာကြတာတွေရှိပါတယ်။ အခုမောင်တောမြို့နယ်မှာ ၁၃၀ လောက်ဖြစ်နေပါပြီ။ ဘူးသီးတောင်ဘက်ကို ၄၀လောက်ရောက်သွားပါတယ်။ အခုလောလောဆယ်တော့ ဘုန်းတော်ကြီးမှာ နေရာပေးထားပါတယ်။"

မောင်တောမြို့ပေါ်ကို မလာရောက်နိုင်သေးသူတွေကိုတော့ ကူညီထောက်ပံ့ တာတွေ ဆောင်ရွက်ပေး နေကြောင်းလည်း ပြောပါတယ်။

"မရောက်နိုင်တဲ့သူတွေအတွက်က လုံခြုံရေးကလည်း မရှိဘူး။ စားရေးသောက်ရေး ကလည်း အခက်အခဲအများကြီးဖြစ်နေကြတော့ မကြာမကြာ ဖုန်းအဆက်အသွယ်ရ တဲ့နေရာတွေကလည်း ဖုန်းဆက်ကြပြီး ကျနော်တို့ကို အကူအညီတောင်းနေပါတယ်။ ဒီနေ့တော့ ကျနော်တို့ မောင်တောခရိုင် ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့ လူထု ပူးပေါင်းပြီးတော့ ရွာငါးရွာလောက်ကို မနက်ကသွားပို့ပါတယ်။ လုံခြုံရေး ရှိတဲ့နေရာတွေကို။"

ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးလက်နေသူတွေပြည်သူတွေနဲ့ မောင်တောဖက်က ပြည်သူတချို့ကလည်း ဘူးသီးတောင်မြို့ပေါ်ကို ပြောင်းရွှေ့လာနေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။

" တပ်မတော်နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်နေတဲ့နေရာက ရောက်လာနေတဲ့ ဒုက္ခသည်တွေ ရှိပါတယ်ခင်ဗျ။ အခုလောလောဆယ် ၅၀၀လောက်ကိုရှိနေပါတယ်။ ကျနော်တို့ စာရင်းကောက်နေတုန်း ရှိပါတယ်။ မနက်ပိုင်းကဆို ကျနော်တို့ ၂၃၄ ရှိတဲ့အထဲမှာ အခု ၅၀၀ နီးပါးလောက်ကို ရောက်နေပြီဖြစ်ပါတယ်ခင်ဗျ။ အထက်တန်းကျောင်းမှာ ကျနော်တို့ နေရာချထားပေးပါတယ်။ ဘူးသီးတောင်ဘက်က ရွာက ပြည်သူတွေဟာ ဒီနေ့ဘူးသီးတောင်ဘက်ကို တက်လာမယ်လို့ သတင်းရပါတယ်ခင်ဗျ။"

တချို့တွေကတော့ ဘူးသီးတောင်ကနေ တခြားဒေသတွေကို ဆက်လက် ထွက်ခွာနေကြောင်းလည်း ပြောပါတယ်။

" ဒီမှာနားပြီးတော့ ဒုက္ခသည်စခန်းတွေကို ဝင်တဲ့သူတွေရှိသလို သင်္ဘောတွေနဲ့ အမြန်ယာဉ်တွေနဲ့ စစ်တွေဘက်ကို ဆက်လက်ထွက်ခွာသွားတဲ့သူတွေလည်း အများကြီးရှိပါတယ်ခင်ဗျ။ ဒီနေ့ဆိုရင် အမြန်ယာဉ်သုံးစီးရယ် သင်္ဘောကြီးတစီးရယ် နောက် ကုန်တွေ လာပို့တဲ့ ဘုတ်နှစ်စီးနဲ့ နှစ်ထောင်လောက်ရှိမယ်ထင်တယ် သွားနေကြတာလေ။ "

လောလောဆယ်မှာတော့ မောင်တောနဲ့ ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ စစ်ရှောင်သူတွေကို ရပ်ရွာလူမှုအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ထားပါတယ်။

ကြာသပတေးနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ အဖွဲ့ဟာ စစ်တွေက မြို့မိမြိုဖတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာ မှာ မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြကျော် က ပြောပါတယ်။

" နယ်စပ်ရေးရာ ဒုဝန်ကြီးက စစ်ဆင်ရေးနယ်မြေဆိုပြီး သတ်မှတ်လိုက်တယ်လို့ သူတို့ကပြောတယ်။ အဓိက ကတော့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် နှစ်မြို့နယ်ပေါ့ စစ်ဆင်ရေးနယ်မြေဆိုပြီး သူတို့က သတ်မှတ်ထားတယ်လို့ပြောတယ်။ စစ်ဆင်ရေးလုပ်ပြီဆိုပေမဲ့ ဂျနီဗာကွန်ဗားရှင်းမှာ ပါတဲ့ နိုင်ငံတကာဥပဒေအတိုင်းပဲ အရပ်သားတွေကို ထိခိုက်အောင် မလုပ်ဘူးဆိုတာတော့ အာမခံချက်ပေးတာပေါ့။"

ဒီတွေ့ဆုံပွဲမှာတော့ မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရမှု လေ့လာတွေ့ရှိချက်တွေကို အသေးစိတ်ရှင်းလင်းတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

ဒီနေ့ထုတ်အစိုးရပိုင် သတင်းစာတွေမှာတော့ ဒီလ ၁၂ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ရွာမှာ အခြေပြုထားတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်း ကို အကြမ်းဖက် စီးနင်းသူတွေက ၃ကြိမ် ချဉ်းကပ်လာတာကြောင့် ရှင်းလင်း ပစ်ခတ်ခဲ့ရကြောင်း၊ ဝါးပိတ်ကျေးရွာဖက်မှာ ရှင်းလင်းရာမှာ အကြမ်းဖက် တိုက်ခိုက်သူ တဦးကို ဖမ်းဆီးရမိသလို မီးလောင်ထားတဲ့ MA-11 သေနတ်တလက်၊ ကျည်အိမ်၁၁ခုနဲ့ ကျည်တထောင်ကျော်အပြင် RSO အလံ ၂၄ခုနဲ့ တံဆိပ်ပါ လည်စည်း ၄၀ကို သိမ်းဆည်းရမိကြောင်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG