သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်-ဘင်္ဂလားနယ်စပ် လုံခြုံရေးအစီအမံများ


ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်၊ ရခိုင်ပြည်နယ် မောင်တောဒေသမှာ လူခိုးဝင်မှုနဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နယ်စပ်လုံခြုံရေး ဆောင်ရွက်ချက်တွေကို ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အဖွဲ့ ဒီကနေ့ သွားရောက် လေ့လာခွင့် ရပါတယ်။

နယ်စပ်လုံခြုံရေးအပြင်၊ အဲဒီဒေသအတွင်း အသွားအလာတွေကို အထူးတင်းကျပ်ထားတာ တွေ့ရပါတယ်။ ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးသန်းလွင်ထွန်း က အခုလို ရှင်းပြခဲ့ပါတယ်။

ဖြေ။ ။ “ကျနော်တို့ ဒီကနေ့မနက် မောင်တောမြို့မှာ ရခိုင်ပြည်နယ်မှာ ပထမဦးဆုံး ဖွဲ့ထားတဲ့ နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ကနေပြီးတော့ သူတို့အနေနဲ့ ရခိုင်ပြည်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာပေါ့နော် လူကုန်ကူးမှု ပပျောက်စေရေး အထူးစီမံချက်အနေနဲ့ လုပ်နေတဲ့ လုပ်ငန်းလေးတွေကို လိုက်ပြီးတော့ ပြပါတယ်။ အထူးသဖြင့်၊ နယ်စပ်ခြံစည်းရိုး ကာထားတဲ့ အခြေအနေ၊ နောက်ပြီးတော့ ဟိုဘက်ဒီဘက် လူအသွားအလာ ထိန်းချုပ်တဲ့ ပုံစံလေးတွေ လိုက်ပြတာရှိပါတယ်။ နာဖ်မြစ်ထဲကို ကျနော်တို့ မော်တော်ဘုတ်ကလေးနဲ့ ထွက်ပြီးတော့ နယ်ခြားကင်းစခန်းကလေးတွေ ကြည့်ခွင့်ရခဲ့ပါတယ်။”

မေး။ ။ ဟိုတလောက နယ်စပ်ကို သူတို့စည်းရိုး ကာမယ်တို့ဘာတို့ ပြောတာရှိပါတယ်။ အဲဒါတွေရော လုပ်နေပြီလားခင်ဗျ။

ဖြေ။ ။ “ဟုတ်ကဲ့၊ အဲဒီစည်းရိုးကာတဲ့ အခြေအနေက တော်တော်လေး ပြီးသွားပါပြီ။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ဟိုဘက် အပေါ်ကနေ အောက်ဘက်အထိ မောင်တောနားအထိက စုစုပေါင်း ၃၉ မိုင် အရှည်ရှိတဲ့ နယ်စပ်စည်းရိုးပေါ့နော်။ အဲဒီစည်းရိုးက ကွန်ကရိတိုင်တွေနဲ့ သံဆူးကြိုးတွေနဲ့ သေသေချာချာ ကျကျနန ကာထားတဲ့ စည်းရိုးပါ။ အဲဒီစည်းရိုးတလျှောက်မှာ ကားနဲ့ မော်တော်ဆိုင်ကယ်နဲ့ လှည့်ပတ်ကြည့်ရှုပြီးတော့ ၂၄ နာရီ စောင့်နေတဲ့ ကင်းတွေလည်း ရှိပါတယ်။ ဒါ့အပြင်ကို အဲဒီစည်းရိုးတလျှောက်မှာ နာ့ဖ်မြစ်ထဲကိုဝင်တဲ့ ချောင်းလက်တက် ကလေးတွေရှိတယ်။ အဲဒီချောင်းလက်တက် ကလေးတွေကြတော့ အဲဒီမှာ အပေါက်တွေလို ဖြစ်နေတော့ ၊ အဲဒီချောင်းလက်တက် စုစုပေါင်း ၂၇ ခုမှာ သူတို့ ကင်းမျှော်စင်လေးတွေနဲ့ နယ်ခြားစောင့် စခန်းလေးတွေပေ့ါနော်၊ အဲဒါလေးတွေ ဖွင့်ပြီးတော့ စောင့်နေတာ ရှိပါတယ်။ အဲဒီအထဲမှာ ဒေသခံရွာသားတွေ၊ အပြင်ဘက်ကို၊ ချောင်းအပြင်ထွက်ပြီးတော့ ဟိုဘက်နယ်စပ်ပေါ့နော်၊ နာဖ်မြစ်ထဲကို ငါးမျှားချင်တယ်၊ ဘာညာဆိုလို့ရှိရင်လည်း၊ လှေတစင်းကို ၂ ယောက်နှုန်းနဲ့ အဝင်အထွက် တော်တော်လေး ထိန်းချုပ်ပြီး ခွင့်ပြုပေးထားတာ ရှိပါတယ်။”

မေး။ ။ အဲဒီလိုမျိုး လုံခြုံရေးအစီအမံတွေ လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ဟိုဘက်ကနေပြီးတော့ တခြားနိုင်ငံကနေပြီးတော့ ခိုးဝင်တဲ့သူတွေ၊ နောက်တခုက လူကုန်ကူးမှုပြဿနာတွေ လျော့ကျနိုင်သလား၊ သူတို့ရဲ့ သုံးသပ်ချက်ကရော၊ အာဏာပိုင်တွေ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ။ ။ “အထူးသဖြင့် မြန်မာပြည်အတွင်းမှာရှိနေတဲ့ ကျေးရွာ၊ ရပ်ကွက်တွေမှာ လူဦးရေစာရင်းပေါ့နော်၊ အဲဒါကို သူတို့အနေနဲ့ တော်တော်လေး တင်းတင်းကျပ်ကျပ် ကောက်ထားတယ်ဆိုတာကို ကိုသားညွန့်ဦးလည်း သိပါတယ်။ မြန်မာပြည်မှာ လူဦးရေစာရင်း ကောက်ခံမှုဟာ အသွားအလာ တင်းကျပ်တယ်ဆိုတဲ့ နေရာမှာ သူတို့အနေနဲ့ တော်တော်လေးကို တိတိကျကျ၊ ဒီအိမ်ကလူ ဘယ်နှစ်ယောက် အပြင်ထွက်တယ်၊ ဘယ်လောက်ခရီးသွားနေတယ်၊ အသွားအလာ ဘယ်လိုရှိတယ် ဆိုတာကအစ အတိုးအလျော့ကို သူတို့ တိတိကျကျ စာရင်းဇယားတွေ ရှိပါတယ်။ ကျန်တာကတော့ သူတို့ တဘက်က ခိုးဝင်ဖို့ကြိုးစားမှုလေးတွေ၊ ဒါမှမဟုတ် ဒီဘက်ကမ်းကို ကျော်ဝင်လာပြီး ဓားပြတိုက်ဖို့ ကြိုးစားတယ်ဆိုတဲ့ အမှုလေးတွေ ဒီလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ အဲဒီတော့ လောလောဆယ်မှာတော့ ပြီးခဲ့တဲ့ အပတ်တွေထဲမှာ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူတို့လည်း အဲဒီကိစ္စကို အထူးသဖြင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ မြန်မာပြည်ဘက်ကနေပြီးတော့ သွားတဲ့လူ သိပ်ပြီးတော့ မတွေ့ရဘူးပေါ့နော်။ သူတို့ကျနော့်ကို သူတို့စုံစမ်းစစ်ဆေးထားတဲ့ ဖိုင်လေးတွေတချို့ကို ပြပါတယ်။ အဲဒီနေရာမှာ အပြင်ဘက်ကို ငါးသွားဖမ်းရင်းနဲ့ ငါးဖမ်းတဲ့လူတချို့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ဟာလေးတွေ၊ သတင်းပေးပို့ခဲ့တာတွေ ရှိတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ထိုင်းဘက်ကနေပြီးတော့ လှေတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို လာစောင့်ပြီးတော့ လူကုန်ကူးဖို့ လာတဲ့လူတွေက တခါတခါကျလို့ရှိရင် သူတို့လိုချင်တဲ့ လူဦးရေ မပြည့်တဲ့အခါကျလို့ရှိရင် မြန်မာရေပြင်ဘက်မှာ ငါးဖမ်းနေတဲ့ လူတချို့ကို အတင်းဝင်ဆွဲပြီးတော့ ခေါ်သွားတာမျိုးတွေ၊ ဘာတွေ ရှိတယ်လို့လည်း သူတို့ပြောပါတယ်။ ဒီနေ့မနက်တော့ ဟိုင်းကြီးကျွန်းဘက်မှာ ဖျာပုံနယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ဖမ်းမိတယ်ဆိုတဲ့ လူ ၇၂၇ ယောက်ပါတဲ့အဖွဲ့ ဒီဘက်မောင်တော်ဘက်ကို ရောက်လာတာ ကျနော်တွေ့ခဲ့ရပါတယ်။”

မေး။ ။ သူတို့ထဲမှာရော မြန်မာနိုင်ငံကလူတွေ ပါလား၊ အခု ၇၀၀ ကျော်ထဲမှာ။

ဖြေ။ ။ “အဲဒါတော့ ကျနော်အတိအကျ မသိရဘူးခင်ဗျ။ ကျနော်တို့လည်း ဒီနေ့မနက်ပဲ နယ်စပ်ဂိတ်တွေကို လိုက်ကြည့်နေရင်းနဲ့ ဝင်လာပြီးတော့ အဲဒီမှာရပ်ထားတဲ့ နေရာကို တွေ့ပါတယ်။ ကျနော်တို့တော့ အနားကို သွားခွင့်မရပါဘူး။ ဒီနေ့မနက်ပဲ ရောက်ပါတယ်။ ရောက်ပြီးလို့ရှိရင် သူတို့ကို အစောပိုင်းက လူတွေထားတဲ့ တောင်ပြိုလက်ဝဲမြို့ နယ်စပ်ကိုပဲ သွားပို့ပါလိမ့်မယ်။ သွားပို့ပြီးတော့ အဲဒီမှာ ယာယီစခန်းမှာ စစ်ဆေးမှုတွေ လုပ်ပြီးတော့၊ သက်ဆိုင်ရာ နေရာတွေကို ပြန်ပို့ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ သိရပါတယ်။”

XS
SM
MD
LG