သုံးရလွယ်ကူစေသည့် Link များ

တိုက်ပွဲကြောင့် ရခိုင်ဒုက္ခသည် ၄၀၀ နေရပ်တိမ်းရှောင်


(ဓာတ်ပုံ - ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာအစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် (AA) တို့ရဲ့ တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်းက အောင်လံချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီး အောင်လံချောင်း၊ ပင်လုံ စတဲ့ ကျေးရွာ ၄ ရွာလောက်က ဒုက္ခသည် ၄၀၀ ကျော်ဟာ အနီးနားက စပါးဆိပ်ရွာမှာ ခိုလှုံနေထိုင်နေကြပါတယ်။

အခုအခါမှာတော့ စပါးဆိပ်ရွာမှာ မြန်မာ့တပ်မတော်ဘက်က ယာယီစခန်းချထားပြီး ၀င်ခွင့်ထွက်ခွင့် ၅ ရက် ပိတ်ထားတဲ့အတွက် ဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့မတ်လကုန်ကစပြီး မြန်မာအစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် (AA) တို့ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ဒီနောက်မှာ ကျောက်တော်မြို့နယ်ထဲက အောင်လံချောင်းရွာ မီးရှို့ဖျက်ဆီးခံရပြီး စစ်ဘေးကြောင့် တိမ်းရှောင်တဲ့ ရွာ ၄ ရွာက ဒုက္ခသည် ၄၀၀ ကျော်ဟာ စပါးဆိပ်ရွာမှာ ခိုလှုံနေထိုင်နေကြပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကစပြီး ဒုက္ခသည်တွေ နေထိုင်နေရာ စပါးဆိပ်ရွာကို မြန်မာ့တပ်မတော်က စခန်းချထားပြီး ၀င်ခွင့်ထွက်ခွင့်တွေ ပိတ်ထားတဲ့အတွက် အစားအသောက်အတွက် အခက်အခဲတွေ ကြုံနေရကြောင်းကို စပါးဆိပ်ရွာက ဒေသခံတဦးက ပြောပါတယ်။

“အသွားအလာတွေပေါ့နော် ၅ ရက်ပိတ်တယ်လို့ ပြောထားပါတယ်။ ၀င်လို့လည်းမရဘူး။ ထွက်လို့လည်းမရဘူးလို့ ပြောထားတယ်။ အခုလောလောဆယ်က စားနပ်ရိက္ခာအတွက် ရွာသားတွေအကုန်လုံး ဒုက္ခရောက်နေပါတယ်ရှင့်။ အပြင်ထွက်လို့လည်းမရဘူး။ ဈေးသွားဝယ်လို့လည်း မရဘူးဖြစ်နေပါတယ်။”

ဒုက္ခသည်တွေကို အကူညီပေးဖို့အတွက် ကျောက်တော်မြို့က ဒေသခံတွေအပြင် အနီးနားက ကျေးရွာတွေက လာခဲ့ကြပေမဲ့ ၀င်ခွင့်ထွက်ခွင့် ပိတ်ထားတဲ့အတွက် အကူညီပေးဖို့ ခက်ခဲတယ်ဆိုပြီး အကူညီပေးဖို့လာတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ရွာလေးရွာက လူတွေဖြစ်တယ်။ စပါးဆိပ်ကိုလာပြီးတော့ ခိုလှုံနေတာပါ။ အေး သူတို့မှာက စားစရာလည်း ဘာမှမရှိတော့ဘူး။ သူတို့က ထမင်းနဲ့ရေနဲ့ပဲ စားရတယ်။ ပြီးတော့ ကျနော်တို့ကို အကူအညီတောင်းတယ်။”

ရခိုင်တပ်မတော်ကတော့ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်းပြောဆိုပြီး၊ အောင်လံချောင်းရွာ မီးရှို့ဖျက်ဆီးခံရတယ်လို့ ရခိုင်တပ်မတော်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် က ဆိုပါတယ်။

“အဲဒါကတော့ အောင်လံချောင်းကျေးရွာပေါ့နော်။ မီးရှို့သွားတယ်ဆိုတော့ ရွာသားတွေကတော့ အဲဒီရွာကနေ အကုန်ထွက်ခွာသွားတယ်။ ဖြစ်နိုင်တာကတော့ အဓိကကတော့ ဒီ ကျနော်တို့ ရခိုင်တပ်မတော်နဲ့ သူတို့က အဲဒီမှာ လှုပ်ရှားသွားလာတယ်ဆိုတော့ ဒီနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရွာသားတွေထဲက အရေးပေါ် များလာတာဖြစ်တယ်။ အဓိကကတော့ မြန်မာ့တပ်မတော်အနေနဲ့ကတော့ သူတို့ ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးပါ။ ဒီဟာက ဟို တိုင်းရင်းသားဒေသ အသီးသီးတွေမှာ ကြွက်မနိုင် ကျီမီးရှို့တဲ့ ပုံစံမျိုးကတော့ တွေ့ရတယ်ခင်ဗျ။”

ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေကတော့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။ မြန်မာတပ်မတော်ဘက်ကတော့ ရခိုင်သောင်းကျန်းသူတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံးက ပေးပို့တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်သောင်းကျန်းသူ ၅ ဦးကို လက်နက်တွေနဲ့ ဖမ်းမိထားကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်တပ်မတော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာတော့ သူတို့တပ်သားတွေ ဖမ်းမိတဲ့သတင်း အပြည့်အစုံ မရရှိသေးဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားရာမှာ ဆက်သွယ်မေးမြန်လို့ မရခဲ့ပါဘူး။

မြန်မာအစိုးရနဲ့ လက်ရှိ ကျောက်တော်မြို့မှာ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်တပ်မတော်ဟာ မြန်မာပြည်မြောက်ပိုင်းမှာ စတင်အခြေစိုက်ခဲ့တာ ၆ နှစ်ခန့်ရှိပြီဖြစ်သလို ရခိုင်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားတာဟာ ၈ လခန့် ရှိပြီဖြစ်ပါတယ်။

ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ဟာ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်သား ၂ ဦးကို ရခိုင်တပ်မတော်က ဖမ်းဆီးထားပါတယ်။ ရခိုင်တပ်မတော်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မကြာခင်မှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ်ရှိရာ ပန်ဆန်းမှာပြုလုပ်မယ့် တိုင်းရင်းသားညီလာခံကိုလည်း ရခိုင်တပ်မတော်က တက်ရောက်ဖို့ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းထားတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးစုများ ဖက်ဒရယ်ကောင်စီမှာတော့ ဆက်စပ်အဖွဲ့အစည်းအဖြစ် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG