သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်ကုန်သွယ်မှု ယာယီထပ်မံရပ်နား


Bangladesh-Myanmar border trade
Bangladesh-Myanmar border trade

Zawgyi/Unicode

COVID-19 ရာဂါပြန့်နှံ့လာတဲ့အခြေအနေကြောင့် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို ယာယီထပ်မံ ရပ်နားထားလိုက်တယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီ တာဝန်ရှိသူတွေကပြောပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှု ရက်ရှည် ပိတ်ပင်မယ်ဆိုရင် ဈေးကွက်အခက်ခဲရှိနိုင်တယ်လို့ ကုန်သည်တွေကပြောဆိုနေသလိုCOVID ရောဂါပိုးကူးစက်မှုများလာတာကြောင့် ဒီလိုရပ်နားလိုက်တဲ့အပေါ်ရခိုင်လူမှုအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က စုံစမ်းတင်ပြထားပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကို နှစ်နိုင်ငံအတွင်း COVID-19 ရောဂါပြန့်နှံ့လာတဲ့အခြေအနေကြောင့် ကုန်သွယ်မှု ယာယီထပ်မံရပ်နားဖို့ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်မှု ကောင်စီဝင်ဦးသန်းထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့က ၂၀၂၁ ဧပြီလ (၁၂) ရက်နေ့ကစပြီးတော့ ဟိုးအရင်တုန်းက ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးတယ်ပေါ့လေ။ ပြည်နယ်အုပ်ချုပ်ရေးကောင်စီက ကိုဗစ်ကြောင့်ဆိုပြီးတော့ ဇူလိုင် (၁၆) ရက်နေ့ ကနေ (၃၀) ရက်နေ့အထိတော့ ယာယီပိတ်ထားဆဲပေါ့။ ဒါပေမဲ့ အခုချိန်မှာ ဒီနေ့ ဟိုတဘက်နိုင်ငံမှာလည်း ကိုဗစ်က စိမ့်ဝင်လာတဲ့အချိန်မှာ ဒီဘက်ကျနော်တို့ စစ်တွေမှာလည်း ကိုဗစ်ကူးစက်မှုက များလာတယ်။ အဲဒီတော့ တဘက်နိုင်ငံမှာ အဆက်သွယ်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်းပဲ ကျနော်တို့ ထပ်မံပြီးတော့ ယာယီရပ်နားထားမယ်ဆိုပြီးတော့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီကဆုံးဖြတ်ချက်ပေါ့လေ။”ဘင်္ဂလားဒေ့ရှ်ကို ကုန်စည်တင်ပို့နေတဲ့ စစ်တွေ-ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တော-ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ယခင်အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းက ကိုဗစ်ပထမလှိုင်းနဲ့ဒုတိယလှိုင်း ကာလ အတွင်း ပိတ်ထားခဲ့ပေမဲ့ စစ်ကောင်စီလက်ထက် ဧပြီလ ၁၂ ရက်နေ့မှာ နှစ်နိုင်ငံကုန်သွယ်ရေးပြန်စတင် လာခဲ့တာပါ။

နောက်ပိုင်း ကိုဗစ်ရောဂါကူးစက်နေမှုကြောင့် ဇူလိုင်လ ၁၅ ရက်ကနေ ၃၁ ရက်နေ့ အထိ ယာယီရပ်နားဖို့ မူလက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဆုံးဖြတ်ခဲ့ပေမဲ့ ယခုအခါ ထပ်မံရပ်နားဖို့ ပြင်ဆင်ဆုံးဖြတ်ခဲ့တာပါ။

ဧပြီလနဲ့ မေလ နှစ်လတာ ကာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၃ သိန်းကျော် ကုန်စည် ကူးသန်းရောင်းဝယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကတော့ နှစ်နိုင်ငံကုန်သွယ်မှုကို ရက်ရှည်ပိတ်ပင်မယ်ဆိုရင် ဈေးကွက်အတွက်အခက်ခဲရှိတယ်လို့ ပြောပါတယ်။

“ယာယီခန၊ ဒီနှစ်ပတ် သုံးပတ်လောက် ပိတ်လိုက်တဲ့ဟာကတော့ တအားကြီးတော့ ထိခိုက်နစ်နာမှုတော့ အကျိုးသက်ရောက်မှုက အများကြီးတော့မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကြာကြာကြီးပိတ်သွားပြီဆိုရင်တော့ စိုးရိမ်ရတာက တဘက်နိုင်ငံမှာ ကျနော်တို့ ပစ္စည်းတွေရဲ့ဈေးကွက်ပျောက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့တခေါက်မှာလည်း (၇) လ (၈) လလောက် ပိတ်သွားတဲ့အတွက် ပြန်ဖွင့်တဲ့အချိန်မှာ ဒီဘက်ကလက်ရှိသွားနေကျကုန်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကျနော်တို့ ဈေးကွက်ပျောက်သွားတယ်။ Marketက ပြန်ရှာရတာ တော်တော်လေး ခက်ပါတယ်။”

မြန်မာနိုင်ငံဘက်ကပို့ကုန်အနေနဲ့ ကုလားပဲ၊ ကြက်သွန်နီ၊ ချင်း (ဂျင်း)၊ ကွမ်းသီး ၊ ရေထွက်ပစ္စည်း၊ ငါး၊ ငါးခြောက်၊ ဇီးယိုတို့ကို အဓိကတင်ပို့တာဖြစ်ပြီး သွင်းကုန်အနေနဲ့ အဝတ်အထည်၊ အိမ်သုံးပစ္စည်းအနည်းအကျဉ်းသာ တင်သွင်းတယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ရောဂါပိုးကူးစက်ပြန့်နှံ့နေတဲ့ကာလအတွင်း အခုလို နှစ်နိုင်ငံကုန်သွယ်မှု ရပ်နားလိုက်တဲ့အပေါ် ကောင်းမွန်တဲ့လက္ခဏာ တခုလို့ ရခိုင်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတဦးကပြောပါတယ်။

“အစိုးရရဲ့ငွေကြေးစီးဆင်းမှုအတွက် ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကုန်သွယ်နေရတာပေါ့လေ။ အခုရပ်နားလိုက်တယ်ဆိုရင် ကောင်းတဲ့အရာတခုဖြစ်တယ်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒီဘင်္ဂလားဒေ့ရ်ှနဲ့ကုန်သွယ်စီးဆင်းမှုကြောင့် လွန်ခဲ့တဲ့တပတ်က ကုန်သည်တွေပေါ့- ဟိုဘက်ကို ကူးလူးဆက်ဆံတဲ့သူတွေက ပိုးတွေ့တဲ့ဟာများတာပေါ့လေ။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ယခင်ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းထက် သေဆုံးမှုများသလို ကျန်းမာရေးစောင့်ရှောက် မှုတွေက အားနည်းနေတယ်လို့ ပြောပါတယ်။

“ဒုတိယလှိုင်းလိုအရေအတွက်တွေမများဘူးဆိုပေမယ့် သေတဲ့နှုန်းတွေကအရမ်းများတယ်။ အဲဒုတိယလှိုင်းတုန်းက Contact Person တွေကိုပါ Quarantine စင်တာတွေထားခဲ့ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိန်းကျောင်းနိုင်ခဲ့တယ်ပေါ့။ အခုကျတော့ ဒီ Facility Quarantineစင်တာက အစိုးရကိုယ်တိုင်လည်း မလုပ်ဘူး။ မလုပ်တဲ့အခါကျတော့ Stay at Home တောင်မှ ထုတ်ပြန်တဲ့အခြေအနေမှာမရှိဘူး။”

ဒါပေမဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ ဇူလိုင်လ ၂၀ ရက်ကနေ သြဂုတ်လ ၄ ရက်နေ့ အထိ Stay at Home ကာလအဖြစ်နေအိမ်အတွင်းနေကြဖို့အပါအဝင် ကိုဗစ်နဲ့ပက်သက်ပြီးလိုက်နာဖို့ စည်းကမ်းချက် (၂၄) ချက်ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တိယလှိုင်း ကာလ ဇူလိုင်လ ၂၉ ရက်နေ့အထိ ပိုးကူးစက်သူ ၂,၆၀၀ ကျော် ၊ သေဆုံးသူ ၁၆၀ ကျော် နဲ့ ဆေးကုသမှုခံယူနေရသူ လူပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ကောင်စီဝင်တွေရဲ့စာရင်းမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=======

Unicode
















#Covid19 #MyanmarCovid #Rakhine #MyanmarBangladesh #BorderTrade #VOABurmese

XS
SM
MD
LG