ရခိုင်ပြည်နယ်က အခြေအနေတွေဟာ အေးဆေးတည်ငြိမ်ပြီ ဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကြေညာချက်ကို ရုပ်သိမ်းကြောင်း နိုင်ငံတော်သမ္မတက အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မကြာခင်ဖွဲ့စည်းတော့မယ့် ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူမယ့် ဦးညီပုကတော့ အေးချမ်းတည်ငြိမ်တဲ့ အခြေအနေတွေကို ဆက်လက် ထိန်းသိမ်းနိုင်အောင် အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေကြောင့် ၂၀၁၂ ခုနှစ်က အရေးပေါ် အခြေအနေကြေညာခဲ့ရပြီး အခုအခါမှာ ပြည်နယ်အစိုးရက ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း တင်ပြလာတဲ့အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေကို ရုပ်သိမ်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က အစိုးရသစ်ကို အာဏာလွှဲပြောင်းဖို့ တရက်အလိုမှာ ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ လောလောဆယ် ရခိုင်ပြည်နယ်အစိုးရသစ်ရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုခံထားရတဲ့ ဦးညီပုက အေးချမ်းတည်ငြိမ်တဲ့ အခြေအနေတွေ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ကလည်း တရားဝင် ဖွဲ့စည်းရသေးတာ မဟုတ်ဘူးလေ။ အဲတော့ ဖွဲ့စည်းပြီးရင်တော့ ဒါ အားလုံး တိုင်တိုင်ပင်ပင်နဲ့ ညှိနှိုင်းပြီးတော့ ရှေ့လုပ်ရမယ့်ကိစ္စတွေ လုပ်သွားမှာပါ။ အဲတော့ ပြည်သူတွေအနေနဲ့တော့ ပြည်သူတွေရဲ့ လိုလားချက်ကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ဖြစ်အောင် ၀ိုင်းဝန်းပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ကလည်း အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ မူအရပဲ လုပ်သွားမှာပါ။”
ရခိုင်အမျိုးသားပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဌ ဦးတင်အောင်သိန်းကတော့ အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြောပါတယ်။
“အရေးပေါ်အခြေအနေဆိုတာ ကျနော်တို့ ဒီ မောင်တော ဘူးသီးတောင်ဆိုတဲ့ နေရာတွေမှာက မကြာမကြာကို အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ အဲဒီအချိန်အခါတွေမှာတော့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနိုင်တာတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုလို တည်ငြိမ်နေတဲ့အချိန်မှာ ရုပ်သိမ်းပေးတာကတော့ အများကြီး ကောင်းတာပေါ့။ ဒေသခံတွေ၊ သွားရေးလာရေး အခြေအနေတွေ ကျနော်တို့မှာ အခက်အခဲတွေရှိတဲ့ဟာတွေ ရှိသေးတယ်။ အခုတော့ အရေးပေါ် ထုတ်ပြန်ထားတာတွေကို ရုပ်သိမ်းတယ်ဆိုတော့ ကျနော်တို့ လွတ်လွတ်လပ်လပ် သွားရေးလာရေးကအစ ပြည်သူတွေက အကုန်လုံး အခြေအနေ ကောင်းသွားတယ်လို့ ကျနော်တို့က အဲ့လိုပဲ ယူဆပါတယ်။”
မောင်တောမြို့နယ် ရဲတပ်ဖွဲ့က တာဝန်ကျအရာရှိကလည်း သူတို့ဒေသတွင်း အခြေအနေကို အခုလို ပြောပါတယ်။
“ဒီဘက်မှာတော့ နယ်မြေ အေးချမ်းတည်ငြိမ်မှုကတော့ - ပုံမှန်အတိုင်းပဲ အေးအေးဆေးဆေးပဲ ရှိတယ်။ အကုန်လုံး တည်တည်ငြိမ်ငြိမ်ပဲ။”
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၆၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို သောင်းနဲ့ချီတဲ့ လူတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။