ဒီကနေ့ ညနေ ၄ နာရီလောက်က ရရှိတဲ့သတင်းအရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အခုအခါ အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲလာပြီး ဒီနေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူဘက်ကို ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီညနေပိုင်းမှာ စတင်ဝင်ရောက်ခဲ့တဲ့ အဲဒီ မုန်တိုင်း ဟာ အခုဆိုရင် အညိုရောင် အရေးပေါ်အဆင့်ကို တိုးမြှင့် သတ်မှတ်လိုက်ရပါပြီ။ လေတိုက်နှုန်း ကလည်း မိုင် ၁၀၀ ကနေ ၁၂၀ အထိ ရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောကြားပါတယ်။
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတန်းကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေအားလုံးကို ရပ်နားထား ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းနဲ့ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနေ့မနက်က မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိခဲ့ပြီး မနေ့ညနေပိုင်းမှာတော့ အားကောင်းတဲ့ အမည်တပ် ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။ အခုအခါ ဂီရိလို့ အမည်သတ်မှတ် ထားတဲ့ ဆိုင်ကလုံးမုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူဘက်တွေကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၄ နာရီခွဲအချိန် တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်နေပါသည်။
“အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဂီရိသည် လက်ရှိ အခြေအနေမှာ အညိုရောင် အရေးပေါ် အခြေအနေ အဆင့်ဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေပါသည်။ မုန်တိုင်းကြီး၏ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၁၀၀ ခန့်ရှိပြီး တခါတရံ ၁၂၀ အထိ ရှိနိုင်ပါသည်။ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တော မြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ မင်းပြားမြို့နယ်တွင် မုန်တိုင်းဒီရေ အမြင့်ဆုံး မှာ ၁၂ ပေခန့် မြင့်တက်လာမည် ဖြစ်ပါ၍ မုန်တိုင်း ဂီရိ အန္တရာယ် ကျရောက်နိုင်သည့် အဆိုပါ ဒေသများရှိ ကမ်းရိုးတန်းနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်ရှားရန် လိုအပ်ပါသည်။
“ထို့အပြင် မုန်တိုင်းကြီးသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် ကုန်းတွင်း မုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် ကုန်းမြင့်တောင်စောင်းများ အနီးနှင့် မြေနိမ့်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေနှင့် မြေပြိုမှု အန္တရာယ်များကိုလည်း သတိပြု ရှောင်ရှားရန် လိုအပ်ပါသည်။
“မုန်တိုင်းကြီး၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင် လေသည် ရခိုင်ကမ်းရိုးတန်း တလျှောက်တွင် တစ်နာရီလျင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခိုက် နိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် ၄၅ မိုင်အထိ တိုက်ခိုက်နိုင်သည့်အတွက် ပင်လယ် ကမ်းနီး ကမ်းဝေး ငါးဖမ်ရေယာဉ် သင်္ဘောများသည် မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားရန် လိုအပ်ပါကြောင်း အကြံပြုအပ်ပါသည်။”
လက်ရှိဖြစ်ပေါ်နေတဲ့ ဂီရိမုန်တိုင်းရဲ့ ပြင်းအားဟာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ကုန်း တွင်းပိုင်းကို မဝင်ရောက်မီ ပြင်းအားအဆင့်ထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်တွေမြို့မှာတော့ ဒီကနေ့ နေ့ခင်းပိုင်းကစပြီး လေပြင်းတိုက်ခတ်ခဲ့ရာမှာ ညနေ ၄ နာရီမှာတော့ လေဟာ ပိုပြင်းထန် လာတယ်လို့ ပြောပါတယ်။
“စစ်တွေမှာဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ရာသီဥတုက နည်းနည်းပိုပြီး ဆိုးလာတယ်။ လေပြင်း တွေဘာတွေ တိုက်လာတယ်။ ပထမ တိုက်တုန်းကထက် လေက ပိုလာတယ်။ ခန့်မှန်းခြေကတော့ ၃၀ ကနေ ၄၅ လောက်တော့ ဖြစ်နိုင်ပါတယ်။ လူတွေကတော့ အတွေ့အကြုံရှိပြီးသားဆိုတော့ သိပ်ပြီး တော့ မထူးခြားသေးပါဘူး။ ပတ်ပြီးတော့လည်း အော်နေတယ်။ အာဏာပိုင်တွေကလည်း ဒီမှာ။ သတိထားဖို့အကြောင်းနဲ့ မုန်တိုင်းဟာ ၁၀၀ အထိ တိုက်မယ်လို့ သူတို့ကတော့ ကြိုပြီး ပြောထားတယ်။”
ကျောက်ဖြူမြို့ဘက်မှာလည်း မနက်ခင်း ၇ နာရီ လောက်ကစပြီး မုန်တိုင်းလေပြေ စတင်ဝင်ခဲ့ရာက နေ့ခင်း ၁၂ နာရီလောက်မှာတော့ ခန့်မှန်းခြေ မိုင် ၃၀ ကျော်လောက်အထိ တိုက်ခတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာတော့ ကျောက်ဖြူမြို့ကို ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူနဲ့ စစ်တွေကြားမှာတည်ရှိတဲ့ မြေပုံမြို့က ဒီနေ့ ညနေ ၄ နာရီခွဲအချိန် ရာသီဥတု အခြေ အနေကိုတော့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။
“လေတော့ အရမ်းတိုက်နေပြီ ဒီမှာ။ ၄ နာရီလောက်က လူတွေတော့ ပြေးကုန်ကြပြီပေါ့။ မ. ယ. က တို့ကတော့ ကြော်ငြာတွေ ဘာတွေ လုပ်ထားတယ်။ မိုင် ၇၀- ၈၀ နှုန်းလို့တော့ ပြောတယ်။”
တောင်ကုတ်မြို့နဲ့ ကျောက်နီမော် ဘက်တွေမှာလည်း နေ့ခင်း ၁၂ နာရီလောက်ကစပြီး လေပြင်း စတင်တိုက်ခတ်ခဲ့ရာမှာ မိုင် ၃၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒေသခံတွေရဲ့အပြောအရ အပြောအရ မာန်အောင်ကျွန်းဘက်မှာ တိုက်တဲ့လေဟာ ပိုပြင်းတယ်လို့လည်း သိရပါတယ်။ မာန်အောင်ကျွန်းဘက်ကိုတော့ ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။
မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ မုန်တိုင်းဗဟိုဟာ ညနေ ၆ နာရီခွဲလောက်မှာ ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်နိုင်ကြောင်း ဖော်ပြပါတယ်။ ဦးထွန်းလွင်က ဒီ မုန်တိုင်းဟာ ရခိုင်ကမ်းရိုးတမ်းကို ဖြတ်ကျော်ပြီးရင် အတွင်းပိုင်းကို ဆက်လက် ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။
“ဒီလောက်အထိ တက်လာပြီးရင် သူ ချက်ချင်းတော့ အားပျော့ ပျက်သွားမယ်လို့တော့ မထင်ဘူးဗျ။ ဒီကောင်မနက်ဖြန် ညနေလောက် အထိတော့ ဆက်ရှိမယ်လို့ ကျနော် ထင်တယ်။ ကုန်းတွင်းပိုင်းကို ဆက်သွားမှာပေါ့နော်။ ရခိုင်ရိုးမကို ကျော်ရမှာပေါ့လေ။ ကျော်ပြီးတော့ အရှေ့ဘက်ကို ဆင်းလိုက် တာနဲ့ အဓိက သူ့ရဲ့ affect ရှိမယ့် ဧရိယာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းပါပဲ။ နံပါတ်တစ်က မကွေးက စမယ်ပေါ့။ မကွေးပြီးရင် မန္တလေး၊ ပြီးရင် စစ်ကိုင်းအောက်။ ဒီ ၃ ခုကတော့ မိုးရနိုင်တယ်လို့ ကျနော် ထင်ပါတယ်။”
ဒီကနေ့မှာတော့ ရခိုင်ကမ်းရိုးတမ်းက စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း စတဲ့မြို့တွေကို ပျံသန်းမယ့် ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။ မုန်တိုင်းငြိမ်သက်သွားမှ ပုံမှန် ခရီးစဉ်တွေ ပြန်စမယ်လို့ စစ်တွေမြို့က ရန်ကုန်အဲဝေး လေကြောင်းလိုင်းက တာဝန်ရှိသူ တယောက်က ပြောပါတယ်။
Eleven Media Group ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ရခိုင်ကမ်းရိုးတမ်းသာမက မြစ်၀ ကျွန်းပေါ်က ရေကြောင်းခရီးစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။