သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာနန်ကော်မရှင်အကြံပြုချက် အကောင်ထည်ဖော်ဖို့ လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း


ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အပြီးသတ်အစီရင်ခံစာထုတ်ပြန်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အပြီးသတ်အစီရင်ခံစာထုတ်ပြန်

ဒီကနေ့ တရားဝင်ထုတ်ပြန်လိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း ပြောဆိုလိုက် ပါတယ်။ ဒီအကြံပြုချက်တွေဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ဖို့ မဖြစ်မနေ ဆောင်ရွက်သင့်တဲ့ အချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြီး တရားဝင် ထုတ်ပြန်လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် ခွဲခြားသတ်မှတ်ထားတာတွေ အဆုံးသတ်ဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြုပြင် ပြဌာန်းပြီး နိုင်ငံမဲ့တွေ၊ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသူတွေအတွက် သက်ဆိုင်ရာအခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်ဖို့၊ ရခိုင်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကိစ္စတွေကို အလေးအနက်ထား ဆောင်ရွက်သွားဖို့တွေကို အကြံပြု တိုက်တွန်းထားပါတယ်။ ဒီလိုအရေးပါတဲ့ အကြံပြုချက်တွေကိုတော့ မြန်မာအစိုးရအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robinson က ပြောပါတယ်။

“အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေပါ။ မြန်မာအစိုးရအနေနဲ့ လိုက်ပါဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ လက်ရှိ အရပ်သားအစိုးရအနေနဲ့ ဒီလိုအရေးပါတဲ့ အကြံပြုချက်တွေကို လက်ခံပြီး အကောင်အထည်ဖော် ဆောင်ရွက်လိုတဲ့ဆန္ဒ ရှိရဲ့လား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ရခိုင်အရေးနဲ့ပတ်သက်လာရင် အစိုးရ အမြဲတမ်းပြောနေတာရှိပါတယ်။ အကြံပေးကော်မရှင်ဖွဲ့ ထားပါတယ်… အကြံပြုချက်တွေကို စောင့်နေပါတယ်၊ အကြံပြုချက်တွေ နားထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ် ဆိုတာမျိုး ကျနော်တို့ ကြားခဲ့ရတာပါ။ အခု အကြံပေးကော်မရှင်က ပေးတဲ့ အကြံပြုချက်တွေ ထွက်လာပြီဆိုတော့ လက်တွေ့ အကောင်အထည် ဖော်ရတော့မယ့် အချိန် ရောက်ပါပြီ။ ဆိုတော့ အစိုးရအနေနဲ့ ဘာတွေ ပြင်ဆင် လုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိရပါမယ်။ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြုပြင် ပြောင်းလဲ ပြဌာန်းဖို့ အချိန်သတ်မှတ် လုပ်ဆောင်ရပါလိမ့်မယ်။”

နိုင်ငံမဲ့ဖြစ်နေသူတွေ၊ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ ပေးသင့်တယ်ဆိုတာကို ကော်မရှင်က ရှင်းရှင်းလင်းလင်း အကြံပြုထားတဲ့အတိုင်း မြန်မာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွေကို အရှိန်မြင့် ဆောင်ရွက်သွားဖို့ အရေးကြီးတယ်လို့လည်း Phil Robinson က ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်နေတဲ့ ပြဿနာအတော်များများရဲ့ အဓိက အကြောင်းရင်းဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ ဥပဒေရဲ့ ဆိုးကျိုးတွေပဲ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က အမှုဆောင်ညွန်ကြားမှူး Matthew Smith က ထောက်ပြ ပြောဆိုပါတယ်။

“နိုင်ငံသားဖြစ်ခွင့်နဲ့ဆိုင်တဲ့ ပြဿနာဟာ ဒီကနေ့ ရခိုင်ပြည်နယ်တွင်း ပြဿနာအတော်များများရဲ့ အရင်းခံပဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ ဥပဒေကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့အများဆုံးရှိတဲ့ နိုင်ငံတခု ဖြစ်နေတာပါ။ ဒါက စိတ်မကောင်းစရာပါ။ ဒါပေမဲ့ ပြင်လို့မရတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ အကြံပေးကော်မရှင်က အကောင်းဆုံး အကြံပြုထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒါကို မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရမှာဖြစ်ပါတယ်။”

ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက အလေးအနက်ထား လိုက်ပါဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း Matthew Smith က ပြောပါတယ်။ အလားတူပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ရခိုင်ပြည်နယ်တွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ လူမှုအသိုင်းအဝိုင်းကြားက ကွဲလွဲမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရအနေနဲ့ လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ ရေရှည်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေကို မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူး ဆိုရင် ဒေသတွင်း ဆင်းရဲနွမ်းပါးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ဖိနှိပ်မှုတွေ ဆက်ပြီး ရှည်ကြာနေဦးမှာ ဖြစ်တယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုရော၊ ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုပါ ထောက်ခံသူတွေ ရှိသလို၊ လက်မခံတဲ့သူတွေ လည်း ရှိပါတယ်။ အထူးသဖြင့် ရခိုင်အမျိုးသားပါတီ အပါအဝင် ရခိုင်လူမှု အဖွဲ့အစည်းအချို့က ကော်မရှင်ကို ကန့်ကွက်တာတွေ ရှိခဲ့သလို ကော်မရှင်နဲ့တွေ့ဆုံဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ကတော့ ဒီ အပြီးသတ်အစီရင်ခံစာအတွက် သက်ဆိုင်ရာ အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ တပ်မတော်နဲ့ လုံခြုံရေးအာဏာပိုင်တွေအပြင် နှစ်ဖက် လူမှုအသိုက်အဝိုင်းတွေကိုပါ တွေ့ဆုံခဲ့တယ်လို့ ဆိုထားပါတယ်။

တပ်မတော်ဘက်က ထုတ်ပြန်ချက်တရပ်မှာတော့ - ကော်မရှင်အနေနဲ့ အစိုးရရဲ့သဘောထား၊ တပ်မတော်ရဲ့ သဘောထား၊ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေကို ခြုံငုံစဉ်းစားသုံးသပ်ဖို့လိုအပ်ပြီး လက်ရှိ အစီရင်ခံစာပါ အချက်အလက်တချို့မှာတော့ လွဲမှားနေတာတွေ ရှိနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဥက္ကဋ္ဌ Kofi Annan နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ ကော်မရှင်ရဲ့ အချိန်ကန့်သတ်ချက်၊ သွားလာမှု ကန့်သတ်ချက်တွေ ကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းမှာ မပြည့်စုံ နိုင်တာတွေ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG