သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးပဋိပက္ခနဲ့ ဆက်နွယ်ပြီး လူ ၄၀၀ နီးပါး ဖမ်းဆီးအရေးယူထား


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး မြန်မာ့တပ်မတော်က တိုင်းမှူးတဦးကို အရေးယူထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။ ဒီကနေ့ နေ့လည်က နေပြည်တော်မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည် စိစစ်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ အတွင်း အဲဒီလို ပြောကြားလိုက်တာပါ။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွယ်ပြီး တရားခံလို့ သံသရရှိသူ ၄၀၀နီးပါးကိုလည်း ဖမ်းဆီး အရေး ယူနေတယ်လို ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခက ပေးပို့ထားပါတယ်။

မြန်မာအစိုးရက နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးရေးနဲ့ ပြန်လည်နေရာချထားရေးတို့က တာဝန်ရှိသူတွေဟာ နိုင်ငံတကာ သံတမန်တွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး တိုင်းမှူးတဦးကို အစိုးရက အရေးယူထားကြောင်း သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်တာပါ။

"တပ်မတော်ကဆိုရင် တိုင်းမှူးအဆင့်အထိကို အရေးယူပါတယ်။ ရဲတပ်ဖွဲ့ကဆိုရင် ရဲမှူးချုပ်တဦးပေါ့နော် အရေးယူထားတယ် ကျန်တဲ့ တာဝန်ရှိတဲ့ လူတွေအဆင့်ဆင့်ကို ရဲလုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့ စစ်ဆေးနေတယ်။ တပ်မတော်က ထုတ်ပြန်ထားတဲ့ အတိုင်း တိုင်းမှူးတဦးက သပ်သပ်၊ နောက်အရာရှိ ၄ ဦးပါတယ် အင်းဒင်ကိစ္စမှာ။ နောက်ရဲတပ်ဖွဲ့ကဖော်ထုတ်ရရှိတာ ရဲတပ်ဖွဲ့က ၂ ဦးပါတယ်။ အရပ်သား ၃ ဦးရှိတယ်။ ပေါ်ပေါက်တယ် ၁ ဦးကဖမ်းဆီးရမိတယ်။ ၂ ဦးကတရားခံပြေး ထွက်ပြေးနေတယ်။ အင်းဒင်ကိစ္စမှာ။”

ဒါ့အပြင် ရခိုင်ပဋိပက္ခမှာ ပါဝင် ပတ်သက်တယ်လို့ ယူဆရသူ ၄၀၀ နီးပါးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီး အရေးယူထားကြောင်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

လက်တလောမှာ မြန်မာအစိုးရဘက်က လုံခြုံရေးဆိုင်ရာ အခြေအနေနဲ့ပတ်သတ်လို့ တပ်အင်အားတိုးချဲ့မှုကို အိမ်နီးချင်းဘင်္ဂလားနိုင်ငံ ဘက်က ကန့်ကွက်မှုတွေ ရှိနေတာနဲ့ ပတ်သတ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းလင်း တင်ပြခဲ့တာမှာ - လုံခြုံရေး အခြေအနေအရ တပ်အင်အား တိုးမြင့် ချထားခဲ့ပေမယ့် လက်ရှိမှာတော့ တပ်ဖွဲ့တွေကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို အကာကွယ်ပေးဖို့ လိုအပ်တဲ့ တပ်အင်အားကိုသာ ထားရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ မြန်မာအာဏာပိုင်တွေထံ ပေးလိုက်တဲ့ လူစာရင်း ၈,၀၀၀ ကျော်ထဲမှာ အကြမ်းဖက်သမား ၃ ယောက်ပါနေတာကို တွေ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ရခိုင်အရေး မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းဝိုင်းက လုပ်ဖော်ကိုင်ဘက်တွေ အနေနဲ့ အပြုသဘော ဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်လို့ရနိုင်တဲ့ ကဏ္ဍအများအပြား ရှိတာမို့ အပြုသဘောဆောင် ချဉ်းကပ် ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး ဖမ်းဆီးအရေးယူတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက ကိုင်တွယ်နေတာနဲ့ ပတ်သတ်လို့ ရခိုင်ပြည်နယ် အတွင်းရေးမှုး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ငနောက်ခရိုင်အတွင်းမှာ မူလလူဦးရေကတော့ တစ်သန်း ငါးထောင့်လေးရာ နှစ်ဆယ့် ကိုးဦး ရှိပါတယ်။ လက်ရှိ နေထိုင်လျက် ရှိတာကတော့ ၄၆၉၆၆၅ ဦး နေထိုင်လျက် ရှိပြီးတော့ နေရပ်စွန့်ခွာသွားတာ ၅၃၅၇၆၄။ ကျနော်တို့မှာ အရပ်သား အရေးယူမှုအနေနဲ့ ကျနော်တု့ိ အင်းဒင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူထားတာရှိပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ၃ ဦး ရှိပါတယ်။”

ပြန်လည်နေရာချထားရေးနဲ့ ပတ်သတ်လို့ ကျန်းမာရေးပိုင်းမှာ အမျိုးသမီးနဲ့ ကလေး သူငယ်တွေကို ဦးစားပေး စောင့်ရှောက်ဖို့ စီစဉ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

စာနာမှုဆိုင်ရာ အကူအညီပေးရေး၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ နေရာပြန်လည် ချထားရေး၊ ဖွံ့ဖြိုးရေး၊ ရင်ကြားစေ့ရေး အပါအဝင် ရခိုင်ပြည်နယ် အတွင်းက လူမှု အသိုင်းဝိုင်းတွေအကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်းရေးတို့ကို မြန်မာအစိုးရ အနေနဲ့ ဦးစားပေး ဆောင်ရွက်နေတာမို့ ရခိုင်ပြည်အရေးနဲ့ ပတ်သက်လို့ ရေရှည် တည်တန့်တဲ့ အဖြေထွက်လာရေး နိုင်ငံတကာ အသိုင်းဝိုင်းကလည်း ကူညီ လုပ်ဆောင် ပေးကြဖို့ မြန်မာအစိုးရအနေနဲ့ မေတ္တာရပ်ခံလိုကြောင်း ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာ ဘက်က အပြုသဘောနဲ့ ချဉ်းကပ်ပေးဖို့ကို အဓိကထား တောင်းဆိုသွားပြီး လူ့အခွင့် အရေး ဆိုင်ရာ အခြေခံ စည်းမျဉ်းတွေကို လက်ခံသလို နိုင်ငံတကာဘက်က ထောက်ပြမှုတွေကိုလည်း လက်ခံသလို လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ပတ်သတ်ပြီး အစိုးရတင်ပြမှုတွေကိုလည်း နိုင်ငံတကာက လက်ခံနားထောင်ပေးဖို့ နိုင်ငံတကာကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG