သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရေး တပ်မတော်နဲ့ AA ပြောဆိုချက်ကွဲလွဲ


ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့ရဲ့ ပြောဆိုချက်တွေထဲမှာ ကွဲလွဲတာတွေ အတော်များများ ရှိနေပါတယ်။ အထူးသဖြင့်တော့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းထဲ ထွက်ပြေး သွားတယ်လို့ တပ်မတော်ဘက်ကပြောပြီး AA ကတော့ ဒါကိုငြင်းပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA နှစ် ဘက်လုံးကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေး ပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ အကြားတိုက်ပွဲတွေပြင်းထန် လာနေသလို တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန် ပြောဆိုနေတာ တွေမှာ နှစ်ဘက်အကြား ကွဲလွဲချက်တွေ ရှိနေတာပါ။

အင်္ဂါနေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနားမှာ မြန်မာ့တပ်မတော် နဲ့ ရခိုင်လက် နက်ကိုင် AAတို့အကြားတိုက်ပွဲ ထိတွေ့မှုဖြစ်ပွါး ခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန် ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောဆို ခဲ့ပါတယ်။

“နယ်စပ်ခြံစည်းရိုးနားမှာတော့ နယ်ခြားစောင့်ဂိတ်တွေနဲ့ဖြစ်သွားတဲ့သဘော။ ဖြစ်သွားတဲ့ပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထဲပြန်ဆုတ်သွားတဲ့ အခြေအနေ ရှိပါတယ်ပေါ့။ နယ်စပ်ခြံစည်းရိုးဘက်မှာ ကျွန်တော်တို့ သတင်းပေါ်နေတာလေး တွေရှိတယ်။ သို့သော် တိုက်ပွဲဖြစ်ပွါးတာတော့ ခပ်ကြာကြာထိတွေ့မှုဖြစ်ပွါးတာတော့ မရှိသေးဘူးဗျ။”

နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ-၅၆ လုံခြုံရေးစခန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အချို့ နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး ဆောင်ရွက်စဉ် စခန်းရဲ့တောင်ဘက် မီတာ ၁၇ဝဝ သို့ အရောက် မှာ AA အဖွဲ့ ထောင်ထား တဲ့ နင်းမိုင်း တစ်လုံး နင်းမိပေါက်ကွဲ ခဲ့ပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ကနေ ဇန်နဝါရီ(၁၅)ရက်စွဲ နဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲ ဖြစ်စဉ်နေရာကို တပ်မတော်လှုပ်ရှား စစ်ကြောင်း နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ပူးပေါင်းအဖွဲ့တို့ သွား ရောက်ပူးပေါင်းစဉ် ဖြစ်စဉ်နေရာကို မရောက်မီ မီတာ ၄ဝဝ ခန့်အကွာမှာ ခန့်မှန်းအင်အား ၅ဝ ဦးခန့်ရှိ AA အဖွဲ့က အသင့်စောင့်ကြို ဖြတ်တောက် တိုက်ခိုက်ခဲ့ လို့အပြန်အလှန် ထိတွေ့မှုဖြစ်ပွား ခဲ့ပြီး AA တပ်ဖွဲ့ ကနေ နှစ်နိုင်ငံ နယ်နိမိတ် ခြံစည်း ရိုးအပြင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းဘက် ကို ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ပွဲဖြစ်စဉ်နေရာ အနီးတစ်ဝိုက်မှာ AA ဘက်က အသင့်စောင့်ကြို နေရာယူထားတဲ့ ပစ်ကျင်းတွေနဲ့ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးမှာ အကျယ် ၄ ပေ၊ အမြင့် ၅ ပေခန့်ရှိ ဖျက်ဆီး ထားတဲ့ နေရာလေးနေရာ အား တွေ့ရှိရပြီး မိုင်း ထိဖြစ်စဉ်ကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်း ထုတ်ပြန် ထားပါတယ်။

မနေ့ကအင်္ဂါနေ့တိုက်ပွဲဖြစ်ပွါးအပြီး AAဘက်ကနေ ဘင်္ဂလားနယ်မြေထဲ ဆုတ်ခွါ ထွက်ပြေးသွား တယ်ဆိုတဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်အပေါ် AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလိုငြင်းဆိုထားပါတယ်။

“တိုက်ပွဲဖြစ်ပြီးကျွန်တော်တို့ ဘင်္ဂလားဘက်ထွက်ပြေးသွားတာ ဘာညာဆိုတဲ့ ဥစ္စာ ကတော့ အဲဒီဖြစ်စဉ် လုံးဝမရှိဘူး ဗျ။ ကျွန်တော်တို့က ကျွန်တော်တို့ ရခိုင်နယ်မြေ အတွင်းမှာဘဲ ကျွန်တော်တို့ တပ်ဖွဲ့တွေကို တပ်ဖြန့်နေရာယူထား တာဖြစ်တယ်။ အဲဒီ ဘင်္ဂလားဒေ့ရှ် မှာ သွားနေစရာဘာအကြောင်းမှ မရှိဘူး။ ဒါကျွန်တော်တို့ဘက်က ရှင်းရှင်း လင်း ပြောနိုင်တာပေါ့။ သူတို့ဘက်က ထုံးစံအတိုင်းပေါ့ဗျာနော။ ကျွန်တော်တို့ကို ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်ဖြစ်နေတဲ့ ဥစ္စာရှိတယ်။ သူတို့ရဲ့ နိုင်ငံရေးနည်းလမ်းတွေပေါ့ဗျာ။ ဒါပေမဲ့လို့ကျွန်တော်တို့ဖက်က သေချာတာ တခု ကတော့ (၁၅)ရက်နေ့ဖြစ်တဲ့တိုက်ပွဲမှာ အဲဒီဘင်္ဂလားဒေရှ် နယ်စပ်နဲ့နဲနဲ နီးတာပေါ့။ အဲဒီဘူးသီးတောင်နဲ့ မောင် တောမြို့နယ်အစပ်။ အဲဒီမောင်တောမြို့နယ် အတွင်းမှာဖြစ်တဲ့ တိုက်ပွဲမှာ ဗမာ့တပ်မတော်ဘက်က(၁၀)ဦးကျဆုံး တယ်ဗျာ။ ဒါတော့ ကျွန်တော်တို့ဘက်က မျက်မြင်။”

တနင်္ဂနွေနေ့မှာလည်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အနီးမှာ တပ်မတော် နဲ့ AA အဖွဲ့ တို့ တိုက် ပွဲဖြစ်ပွါးခဲ့ရာမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့ တွဲဘက် အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“သတင်းထုတ်ပြန်ထားတဲ့အထဲမှာ သရက်ပြင်မှာတော့ AAဘက်ကနေ အလောင်း(၅)လောင်း ရတာပေါ့။ ထိခိုက်ဒဏ် ရာရတဲ့ သူလဲရှိမှာပါ။ ကျွန်တော်တို့ ဖက်ကလဲ ကျဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ရှိပါတယ်ဗျ။”

တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ နှစ်ဖက်ကျဆုံးမှုစာရင်း အသေးစိတ်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေအရ ထုတ်ပြန်မှာ မဟုတ်ဘူးလို့လဲ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဖက်ကပြောဆိုတဲ့အလောင်း(၅)လောင်းဟာ AAတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ လက်နက်ကြီး ထိမှန်ပြီးဆုံးသွားတဲ့ ချာကေရွာနဲ့ဖုန်ညိုလိပ်ရွာက ကျေးရွာသားတွေ ဖြစ်တယ်လို့AAပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားချက် ကို သုံးသပ်ရလို့ရှိရင်တော့ သူတို့ကနေ ယူနီဖေါင်းဝတ် အလောင်း(၅)လောင်း သိမ်းဆီးရမိတယ်ဆိုပြီး တော့ပြောတယ်။ အဲတာ ဖြစ်နိုင်ချေရှိတာက (၁၃)ရက်နေ့မှာ သူတို့လက်နက်ကြီးနဲ့လှမ်းပစ်လို့သေသွားတဲ့ အဲဒီ ချာကေရွာက ဘင်္ဂါလီ အမျိုးသမီးတဦး တဦးနဲ့ ဖုန်ညိုလိပ်ရွာက ဘင်္ဂါလီ အမျိုးသား(၄)ယောက် အလောင်းတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်တယ်ဗျ။”

မနေ့က တရက်ထဲမှာ ဘူးသီးတောင် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ထဲမှာ တိုက်ပွဲ(၄)နေရာ ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲ အတွင်းမြန်မာ့ တပ်မတော်ဘက်က (၂၀)ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့AA ကပြောဆိုပေမဲ့ သီးခြား အတည်မပြုနိုင်သေး ပါဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီလ(၄)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်း စခန်း (၄)ခုကို AA ဘက်က စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်မှာ ရခိုင်တပ်မတော်အပေါ်နှိ မ်နင်း စစ်ဆင်ရေးလုပ်ဆောင်သွားဖို့ ကိစ္စကို နိုင်ငံတော် သမ္မတရုံး ကနေညွှန်ကြားအပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာနေတာပါ။

မြန်မာစစ်တပ်နဲ့AAလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက် မှာ ရွာသား(၅၀၀၀) ကျော် ဒုက္ခသည် အဖြစ်နဲ့ စစ်ဘေး တိမ်းရှောင်နေရ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG