သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ကိုယ်စားလှယ် ရခိုင်ပါတီနဲ့တွေ့ဆုံ


စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီနဲ့တွေ့ဆုံအပြီး ဗွီအိုအေကို အင်တာဗျူးပေးနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ် Christine Schraner Burgener (နိုဝင်ဘာလ ၁၈၊ ၂၀၁၉)
စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီနဲ့တွေ့ဆုံအပြီး ဗွီအိုအေကို အင်တာဗျူးပေးနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ် Christine Schraner Burgener (နိုဝင်ဘာလ ၁၈၊ ၂၀၁၉)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်အတွင်း တနေ့တခြားဆိုးဝါးလာတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်အမျိုးသားပါတီကို ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြဿနာကို စုပေါင်းအဖြေရှာနိုင်ဖို့အတွက် ရခိုင်ပြည်နယ်အထိလာရောက်ပြီး အားလုံးနဲ့ဆွေးနွေးစကား ပြောနေတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီနဲ့တွေ့ဆုံအပြီးမှာ အထူးကိုယ်စားလှယ် Christine Burgener က ပြောဆိုပါတယ်။

အထူးကိုယ်စားလှယ် Christine Burgener ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ပြီး အစိုးရအပါအဝင် လွှတ်တော်အမတ်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့တာပါ။ သူတို့နဲ့ သီးခြားတွေဆုံစဉ်မှာတော့ ရခိုင်ပြည်နယ်အခြေအနေ တနေ့တခြား ဆိုးဝါးလာတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း အထူးကိုယ်စားလှယ် Christine Burgener က ပြောဆိုခဲ့တယ်လို့ ANP ပါတီပြောခွင့်ရ ဒေါ်အေးနုစိန်က ဗွီအိုအေကို ပြောပါတယ်။

"သူ့မှာ လာရတယ်။ လာပြီဟေ့ဆိုရင် တစတစ ဆိုးရွားပြီးတော့ ရခိုင်ပြည်သူတွေရဲ့ ထိခိုက်နစ်နာနေရမှုတွေကိုပဲ မြင်တွေ့ရတာကိုတာက သူ့ အရမ်းကို စိတ်မကောင်းဖြစ်မိဆိုတာနဲ့ပဲ သူမိတ်ဆက်လိုက်တယ်။"

အစောပိုင်းတုန်းကတော့ အထူးကိုယ်စားလှယ် Burgener ဟာ မောင်တောမှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သလို ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်းနဲ့ တခြား လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လွှတ်တော်မှာ တွေ့ဆုံစဉ်အတွင်း ဒေသတွင်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေမှုအခြေအနေ၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်တွေ၊ တဘက်နိုင်ငံကိုရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက်လာမယ့်အပေါ် သဘောထား အမြင်တွေ၊ မကြာခင်ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Christine Burgener ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုတော့ မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့က ရောက်သွားခဲ့တာပါ။ မနက်ဖြန်မှာ ရခိုင်ပြည်နယ်က ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်လည်း လိုက်ပါသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG