မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင် ရွာသားတချို့နေရပ်ကို စတင်ပြန်နေကြပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် အားလုံး မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာကို စွန့်ခွါပြီး စစ်ရှောင်နေရတဲ့ အတွက် အိမ်တွင်း ပျက်စီးမှုတွေ များပြားနေတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ မကြာသေးခင်က ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ် တွေနဲ့ပစ်ခတ်တိုက်ခိုက်တာ ကြုံခဲ့ရပြီးတဲ့နောက် ဒေသခံရွာသားတွေ အများအပြား နေအိမ်ကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာပါ။ အခု သီတင်းနှစ်ပတ်လောက် အကြာမှာ ရွာသားတချို့ ကျေးရွာကို ပြန်လာနေကြပေမဲ့ အများစုကတော့ မပြန်ရဲကြသေးဘူးလို့ စည်တောင်ရွာသား ကိုအောင်စိုးက ပြောပါတယ်။
“ကျနော်တို့ ရွာထဲကို မြန်မာ့တပ်မတော်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဖြိုပြီး ရွာသားတွေလဲ(၄) (၅)ဦးသေ ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူလဲရှိတယ်။ ဒီလိုဆိုတော့ ကျနော်တို့ ရွာသားတွေက ရွာထဲမှာမနေဝံ့ ထွက်ပြေးကြ တယ်လေ နီးစပ်ရာရွာတွေ အားကိုးရတဲ့ရွာတွေ ထွက်ပြေးကြတယ်။ အခုကျတော့ ကျနော်တို့ ဒီရွာမှာ မနေ မဖြစ်ဘူး။ သူတို့သတ်ရင်လည်း ကျနော်တို့က သေချင်လည်းသေဆိုပြီး အရဲစွန့်ပြီး နေရတာပါ။ အကုန်လုံးတော့ မရောက်သေးဘူးခင်ဗျ။ (၁၀)ပုံ တပုံလောက်ပဲ ရောက်သေးတယ်။”
မတ်လ (၂၁) ရက်နေ့တုန်းက မြန်မာ့တပ်မတော်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့်ရွာသား (၅) ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၁၀၀၀) ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့လည်း သူကဆိုပါတယ်။
အခု ရွာပြန်ရောက်ချိန်မှာလည်း နေအိမ်တွေ ပျက်စီးနေတာနဲ့ ကြုံရတယ်လို့ ကိုအောင်စိုးက ပြောပါတယ်။
“ အိမ်တွေကို ဖေါက်ထားတာတို့ ရှိတယ်။ ဝက်တွေ သတ်ထားတာတို့ ရှိပါတယ်။ ပစ္စည်းတွေကို ဖြိုခွဲတာ ဖျက်စီးတာ မီးရှို့ပစ်ခဲ့တဲ့ နေရာတွေလည်း ရှိပါတယ်။ ကျနော်မှာဆိုလို့ရှိရင် အိမ်မှာ ဘာတခုမှ မကျန်ဘူး။ ကလေးဝတ်တဲ့ အဝတ်အစားတွေကရော အိုးတွေခွက်တွေ အကုန်လုံး ဖျက်စီးပစ်ခဲ့တာတွေ ရှိပါတယ်။”
စစ်ရှောင်ဦးရေ (၂၃၀၀) ကျော်ရှိတဲ့ စေတီတောင် ကျေးရွာမှာတော့ ယောကျ်ားတချို့သာ နေရပ်ပြန်ကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောပါတယ်။
အလားတူ ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာဘက်မှာလည်း စည်တောင်နဲ့ အနီးဝန်းကျင်ရွာက ရွာသား (၁၂၀၀) ကျော် စစ်ဘေးတိမ်းရှောင် ရောက်ရှိနေကြတာပါ။ လက်ရှိ စစ်ရှောင်တွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေကိုတော့ ကျေးရွာစာရေး ဦးဘစောက အခုလိုပြောပါတယ်။
“ကျနော်တို့မှာက လူမှုရေး အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ကြတယ်။ နောက်ပြီးတော့ ကျနော်တို့ ICRC ပေါ့။ နိုင်ငံတကာကြက်ခြေနီပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ စားရေးသောက်ရေးကဟာ အဆင်ပြေပါတယ်။ သို့သော်လည်း ဟို ရေသောက်ရေတို့ ဘာတို့ဆိုတာ နည်းနည်းတော့ အခက်ခဲရှိပါတယ်။”
စည်တောင်ကျေးရွာသားတွေ အနေနဲ့ နေရပ်ပြန်လိုကြောင်း ပြီးခဲ့တဲ့ စနေနေ့က မြို့နယ် အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး ပေးပို့ထားပေမဲ့ တစုံတရာ အကြောင်းပြန်တာမျိုးတော့ မရှိခဲ့ပေမဲ့ သင်္ကြန်မတိုင်ခင် တချို့တလေ ရွာပြန်လာတာလို့ စစ်ရှောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံရွာသား (၂၆၀၀၀) ကျော်စစ်ဘေး တိမ်းရှောင်နေရဆဲလည်း ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AAတို့အကြား စစ်ရေးပဋိပက္ခတွေ တင်းမာနေဆဲဖြစ်သလို အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေထဲမှာပါ ပစ်ခတ်တိုက်ခိုက်မှုတွေ တိုးလာနေတာပါ။
မတ်လ (၂၉) ရက်နေ့က မြောက်ဦးမြို့နယ် အောက်သားကန်ရွာအတွင်း ဖြစ်ပွါးတဲ့ပစ်ခတ်မှုမှာ အရပ်သား (၂) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာ ရရှိခဲ့သလို ရွာသားတချို့ကိုလည်း တပ်မတော်ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။ မတ်လ (၁၆) ရက်နေ့နဲ့ (၁၈) ရက်နေ့ မြောက်ဦးမြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုမှာလည်း အရပ်သား (၁၀) ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွာအတွင်း တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ မြန်မာ့တပ်မတော်ကနေ ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေက ပြောဆိုနေသလို တပ်မတော်ဘက်ကတော့ ရခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တာ ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ ရခိုင့်တပ်မတော်နဲ့ ပက်သက်တယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်က ရှင်းလက်ဝကျေးရွာသား (၃) ဦးကို ဒီကနေ့ ပလက်ဝမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုက တရားရုံးမှာ ဒီနေ့ ရုံးထုတ်တယ်။ ရခိုင်လူငယ် (၃) ဦးကိုလေ။ တရားရုံးမှာ နေ့လည် (၂) နာရီအချိန်မှာ အကုန်လုံးတံခါးပိတ်ပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။”
တပ်မတော်နဲ့ AA တို့ စစ်ရေးတင်းမာနေမှုအတွင်း ဘူးသီးတောင် ရသေ့တောင် ကျောက်တော် ပလက်ဝအစရှိတဲ့ ကျေးရွာသား (၂၀) ကျော်ဟာ မတရား အတင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို ခံထားရတာပါ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ ပြီးခဲ့တဲ့လက တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဖြစ်ပွါးနေဆဲ တိုက်ပွဲတွေကို လျော့ချဖို့အတွက် ဆက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြပေမဲ့ ဒေသအတွင်းမှာ တိုက်ပွဲတွေ မရပ်တန့်နိုင်သေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်စဉ်နဲ့ ပက်သက်လို့ အဖြူရောင်နယ်မြေမှာ လက်နက်ကိုင်တွေ အခြေချလို့ လုံခြုံရေးအရ အစိုးရက ဆောင်ရွက်နေတာ ဖြစ်တယ်လို့ NRPC ဘက်က ပြောဆိုခဲ့သလို ရခိုင်ပြည်မှာ ရခိုင်တပ်မတေ်ာ အခြေချရေးဟာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း AA ဘက်က ပြောဆိုခဲ့ပါတယ်။