သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ၄ လအတွင်း တိုက်ပွဲပေါင်း ဒါဇင်နဲ့ချီဖြစ်ပွား


TNLA
TNLA

စစ်တိုင်း ၅ခုမှာ တပ်မတော်က ၄ လတာ တဘက်သတ် အပစ်ရပ်ဖို့ ကြေညာထားပေမဲ့ တိုက်ပွဲပေါင်း အကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့သလို အပစ်ရပ်ရေး အစီအစဉ်မှာ မပါဝင်တဲ့ ရခိုင်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂ လအတွင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AAနဲ့ တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖြစ်ခဲ့ကြောင်း တပ်မတော်က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း တဘက်သတ် အပစ်ရပ်စဲရေး သက်တမ်းတိုးထားတဲ့ ၂ လအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်ဆေးအရေးယူဖို့ ရှိကြောင်းလည်း နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ဒီကနေ့ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်ကနေ တင်ပြထားပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်း ၅ ခုမှာ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၁၉ ဧပြီလကုန်အထိ ၄ လတာ အပစ်ရပ်ထားတဲ့ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာရော တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်းကြားမှာပါ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အချုပ်အနေနဲ့ ရက်ပေါင်း ၁၃၀အတွင်းမှာ မိမိတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၅၃ကြိမ်၊ လက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄၅ကြိမ်ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ နယ်မြေကျော်လွန်လှုပ်ရှားမှု စုစုပေါင်းက ၄၆၉ကြိမ်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ဆက်ကြေးကောက်ခံမှု အကြိမ်ပေါင်း ၄၂ကြိမ်ရှိပါတယ်။ နောက် လူသစ်စုဆောင်းမှု အကြိမ်ပေါင်း ၅၂ကြိမ်ရှိခဲ့ပါတယ်။”

အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှုအများဆုံးက KIA ကချင်တပ်ဖွဲ့ဖြစ်ပြီး ၁၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားမှုအများဆုံးကတော့ RCSS/SSA နဲ့ TNLA၊ SSA ဝမ်ဟိုင်းဖြစ်ပြီး တိုက်ပွဲ ၄၂ကြိမ်ဖြစ်ခဲ့ကြောင်း ထည့်သွင်းပြောကြားပါတယ်။

ဒီနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်ကနေ ၂လ တာကာလအတွင်းမှာတော့ ချင်းပြည်နယ်ပလက်ဝနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AAခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲ အကြိမ် ၁၂၀ လောက်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီအတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ ၂၆ရက်၊ ၂လ၊ ၂၀၁၉ကနေ ၂၅ရက်၊ ၃လ၊ ၂၀၁၉ အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အကြိမ်၆၀ ဖြစ်ခဲ့ပါတယ်။ မိုင်းဖြစ်စဉ် ၁၃ကြိမ်ဖြစ်ခဲ့ပါတယ်။ ၂၆ရက်၊ ၃လ၊ ၂၀၁၉ကနေ ၂၅ရက်၊ ၄လ၊ ၂၀၁၉ အထိ ထိတွေ့တိုက်ပွဲ ၆၅ကြိမ်၊ မိုင်းဖြစ်စဉ် ၂၆ကြိမ်ဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ခြမ်းလို့ အကြမ်းဖျဉ်းပြောလို့ ရပါတယ်။”

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ အစိုးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့တို့ရဲ့ Bilateralခေါ် ၂ဘက် အပစ်ရပ်စာချုပ်ရေးထိုးရေးကိစ္စအပေါ် တပ်မတော်ရဲ့ ရပ်တည်ချက်ကိုလည်း ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ရှင်းလင်းခဲ့ပါတယ်။

“မူဆယ်မှာတွေ့တဲ့ဟာကတော့ NRPC အဖွဲ့တွေနဲ့ အရင်တွေ့ထားတာပါ။ အဲတော့ ကျနော်တို့အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်လို့တော့ ဆက်လက်ဆွေးနွေးရန် ရှိသေးတယ်ဆိုတဲ့အနေပဲ ရှိပါတယ်။ အဲတော့ ကျနော်တို့ Bilateralလက်ခံသည် လက်မခံသည် တပ်မတော်က မဆုံးဖြတ်သေးဘူး။ ဆက်လက်ဆွေးနွေးအုံးမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ လူ ၂၇၅ ဦးကို စစ်ဆေးဖို့ ထိန်းသိမ်းထားစဉ် မေလ ၂ရက် မနက် ၂နာရီလောက်မှာ လူတစ်ချို့က လက်နက်လုဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့ရကြောင်း၊ ဒီပစ်ခတ်မှုမှာ ၆ဦးသေဆုံး၊ ၈ဦးဒဏ်ရာရပြီး ၄ဦး ပျောက်ဆုံးခဲ့ကြောင်း၊ လောလောဆည်မှာ သံသယမရှိသူတွေကို လွှတ်ပေးခဲ့ပြီး လူ၁၂၆ဦးကို ဆက်လက်ထိန်းသိမ်းစစ်ဆေးနေကြောင်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ရှင်းလင်း ပြောကြားပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထားသူ ၂၇ ယောက်ရဲ့ အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“လက္ကာကျေးရွာမှာ ကျနော်တို့ ဖမ်းဆီးရမိတဲ့ ၂၇ယောက်ကိစ္စ အဲဒီထဲကမှ ကျနော်ပြောချင်တာက ကျနော်တို့ ပဏာမ စစ်ကြောချက်အရ ၁၈ယောက်သည် AA တပ်ဖွဲ့ဝင်များဖြစ်ပါတယ်။ ၁၈ယောက်သည် အမှတ် ၃၁ ရဲတပ်ဖွဲ့ မြောက်ဦးမှာ ရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့သူများဖြစ်ပါတယ်။ ၅ယောက်သည် အမာခံများဖြစ်ပါတယ်။ ကျန်တဲ့ ၄ဦးသည် သံသယစာရင်းဖြစ်ပါတယ်။ အဲလိုမျိုး ကျနော်တို့ ဖော်ထုတ်ရရှိတာဖြစ်ပါတယ်။”

သူတို့ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းပြောပါတယ်။

၂၇ ဦးအနက်မှာ ၃ ဦးဟာ စစ်ဆေးနေစဉ်ကာလအတွင်း သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုဟာ နှလုံးရောဂါကြောင့် တစ်ယောက်၊ ကြိုးဆွဲချသေသူတစ်ယောက်နဲ့ ဆေးစွဲပြီး စိတ်ကျသေဆုံးသူ တစ်ယောက်ရှိခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှုး ဗိုလ်မှုးချုပ် စိုးနိုင်ဦးတို့က အဓိက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ တပ်မတော်ဟာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ အပစ်ရပ်ကာလကို နောက်ထပ် ၂လ တိုးမြှင့်ထားပါတယ်။ အပစ်ရပ်ကာလ သက်တမ်းတိုးလိုက်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အပစ်အခတ်ရပ်စဲထားရာမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG