သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း ၁၂ နှစ်နဲ့အထက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်နေ


FILE PHOTO: A health worker holds a syringe and a vial of the Sinovac coronavirus disease (COVID-19) vaccine at a market in Bangkok, Thailand, March 17, 2021. REUTERS/Athit Perawongmetha/File Photo
FILE PHOTO: A health worker holds a syringe and a vial of the Sinovac coronavirus disease (COVID-19) vaccine at a market in Bangkok, Thailand, March 17, 2021. REUTERS/Athit Perawongmetha/File Photo

{Zawgyi/Unicode}

ရခိုင်ပြည်နယ်ထဲမှာ ၁၂ နှစ်နဲ့ အထက် ကျောင်းသူကျောင်းသားတွေကို ဒီလ အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားပေမဲ့ ဒီနေ့ ထိတော့ ကာကွယ်ဆေးတွေ ရောက်မလာသေးဘူးလို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စာသင်နှစ်မကုန်ခင် ကိုဗစ်ကြောင့်ပိတ်ထားတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပညာရေးနဲ့ကျန်းမာရေးဌာနက ကြိုးစားနေပါတယ်။ တချိန်တည်းမှာပဲ ၂၀၂၁ ဇွန်လတုန်းက ကျောင်းအပ်နှံထားတဲ့ ကျောင်းသားကျောင်းသူတွေထဲက အသက် ၁၂ နှစ်နဲ့ အထက်ကနေ ၁၈ နှစ်အထိ ကျောင်းသူ ကျောင်းသားအားလုံးကို ကိုဗစ်ကာကွယ်ဆေထိုးပေးတဲ့ စီမံချက်အတိုင်း စစ်ကောင်စီက တချို့ဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ စတင် ထိုးပေးနေပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အလယ်တန်းနဲ့ အထက်တန်းကျောင်းသူ ကျောင်းသားတွေကို ဒီလ အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကောင်စီပြောခွင့်ရဦးလှသိန်းက ပြောပါတယ်။

“ကျောင်းသားကျောင်းသူတွေပေါ့၊ အလယ်တန်းအစ ၁၂ နှစ်အထက်ဆိုတော့ အခုအချိန် မှာတော့ အခြေခံပညာအလယ်တန်းကနေ အထက်အတန်းအထိ ကလေးတွေကို ဆေးထိုးဖို့ အစီအစဉ်ရှိပါတယ်။ ဆိုတော့ ဆယ့်ငါး၊ ဆယ့်ခြောက်လောက်မှာ ထိုးမှာဖြစ်ပါတယ်။ ဒီကလေးတွေကို ဆေးထိုးပြီးရင်တော့ ကျနော်တို့ ကျောင်းတွေဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။”

ကျောင်းသူ ကျောင်းသားတွေကို တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့ အထိ ကျောင်းသားတွေကို ထိုးပေးမယ့်ဆေးတွေ ရခိုင်ပြည်နယ်ကို မရောက်သေးတာကြောင့် ကျောင်းသားဦးရေ ဘယ်လောက်ထိုးပေးမယ် ဆိုတာကို မသိရသေးဘူးလို့ ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

“၁၆ ရက်နေ့ တနိုင်ငံလုံးမှာ စမယ်လို့ ကျနော်သိထားတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ၁၆ ရက်နေ့ စမယ်ဆိုပြီးတော့ စီစဉ်ထားတဲ့ စီမံချက်တခု ကျနော်တို့ကို ပို့ထားတာပေါ့။ အဲဒီတော့ စမယ့်ရက်က ၁၆ ရက်နေ့လို့ သိထားပါတယ်။ ဆေးက ကျနော်တို့ကို အဲဒီနေ့မတိုင်ခင်မှာ ပို့ပေးမယ်လို့ ပြောတယ်။ အဲဒီနေ့မတိုင်ခင်ဆိုတော့ ၁၄ ရောက်မလား၊ ၁၅ ရောက်မလား မပြောတတ်ဘူး။ လောလောဆယ်တော့ ဆေးမရောက်သေးပါ။ plan ရောက်ထားပါတယ်။ ၁၆ ရက်နေ့ စမယ်ဆိုတဲ့ စီမံချက်တခု ရောက်ထားပါတယ်။ Sinovac ပါ ထိုးမယ့်အရေအတွက်က ရောက်မှပဲသိမယ်။ ကျနော်တို့ကတော့ ၁၉၅,၅၄၄ ပါ။”

ရခိုင်ပြည်နယ်မှာ ကျောင်းပြန်ဖွင့်နေတဲ့ ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မူလတန်းကနေ အထက်တန်းအထိ ကျောင်းအပ်ထားသူ ကျောင်းသား စုစုပေါင်း ၃၈၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ပညာရေးရုံးရဲ့ စာရင်းအရ သိရပါတယ်။Sinovac တရုတ်ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၈ နှစ်အထိ ထိုးပေးဖို့ အရေးပေါ် အသုံးပြုခွင့် WHO ဆီက ရရှိထားတယ်လို့ စစ်ကောင်စီသတင်းတွေမှာ ထုတ်ပြန် ဖော်ပြထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို မထိုးမနေရ မဟုတ်ဘဲ မိမိရွေးချယ်ခွင့်၊ ကျောင်းအုပ်နဲ့ မိဘခွင့်ပြုချက်ပါမှ ထိုးပေးမယ်လို့လည်း သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး ထိုးရမယ့် အုပ်စုထဲပါသူတွေကိုတော့ ပြီးခဲ့တဲ့လပိုင်းတွေထဲက စလို့ ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ လက်ရှိအချိန်ထိ လူဦးရေ လေးသိန်းကျော်လောက် ကိုဗစ်ကာကွယ်ဆေးထိုး ပြီးပြီလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကပြောပါတယ်။

“ကျနော်ယေဘုယျအားဖြင့်ပြောပါမယ်။ ပထမ Covidshield ထိုးခဲ့တာက အကုန်လုံး တသိန်းရှိပါတယ်။ ဒုတိယအသုတ် Sinopharm ထိုးတဲ့ဟာ စာရင်းပါတာက ကိုးသောင်းခွဲ၊ အခုဆေးရောက်ပြီးတော့ ထိုးနေတာက သုံးသိန်းနဲ့ နှစ်သောင်းကျော် ဖြစ်ပါတယ်။ နောက်ကြားထဲမှာ တိုက်ပွဲရှောင်နဲ့ IDP တွေအတွက် Sinopharm သတ်သတ် ငါးသောင်းဖြစ် ပါတယ်။ လတ်တလောမှာတော့ ဒီဟာတွေကို တွက်လိုက်ရင် လူဦးရေအားဖြင့် လေးသိန်းကျော် လောက် ဆေးထိုးပြီးသွားမယ့်အနေအထားမှာရှိပါတယ်။”

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ထဲမှာရှိတဲ့ AA ရခိုက်လက်နက်ကိုင်အဖွဲ့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ပြည်နယ်ကောင်စီဘက်က ပြောဆိုထားတာရှိပေမယ့် လက်ရှိအချိန်အထိ ကိုဗစ်ဆေးထိုးမယ့်ကိစ္စ ပြည်ထောင် စုက ညွန်ကြားလာတာတွေ မရှိသေးလို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ကောင်စီပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်း ၅% အောက် ကျဆင်းလာပြီဆိုရင် လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိင်မှာဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောထားပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ ကိုဗစ်ကူးစက်မှုနှုန်းက ၅ ရာခိုင်နှုုန်းအောက်ကျဆင်း လာပြီဖြစ်တာကြောင့် ကိုဗစ်ကူးစက်မှုတွေကြောင့် ပိတ်ထားရတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကိုလည်း ပြန်ဖွင့်ဖို့ ပြင်ဆင်ထားပြီး ပြည်ထောင်စုက ခွင့်ပြုချက်ရတာနဲ့ စဖွင့်မယ် လို့လည်း ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


----------

{Unicode}













#Covid19 #MyanmarCovidVaccine #Vaccination #Rakhine #VOABurmese

XS
SM
MD
LG