သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား


AA (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက် ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့ကနေ ကျောက်တန်းကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ဖေဖေါ်ဝါရီလဆန်းကနေ ဒီကနေ့အထိ ရသေ့တောင်မြို့နယ်ထဲမှာ တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းတခုကို ရခိုင့်တပ်မတော် (AA) အဖွဲ့ကနေ ဒီမနက်မှာခြုံခို တိုက်ခိုက် ခဲ့တယ်လို့ ကျောက်တန်းကျေးရွာသားတဦးကပြောပါတယ်။

“ဘူးသီးတောင်မြို့နယ် ကျောက်တန်းကျေးရွာပေါ့နော်။ အဲဒီကျေးရွာမဝင်ခင်လေးမှာ တံတားတခုရှိတယ်ဗျ။ အဲဒီတံတား ဘေးနှစ်ဖက်မှာ ရေအုန်းတော(ဓနိတော) တွေရှိတယ်။ အဲဒီရေအုန်းတောကနေပြီးတော့မှ စစ်ကြောင်းဖြတ်တဲ့ အခါမှာ ပစ်တာပေါ့နော် AAက။ ပစ်လိုက်တော့(၅)ဦးကတော့ ဒဏ်ရာ ရတယ်ပေါ့။ ဗိုလ်ကြီးတဦးက ကျတယ်ပေါ့နော်။ စစချင်းဖြစ်တာက နဲနဲပစ်တာဘဲကြားတယ်ပေါ့နော်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ တပ်ကနေပြီးတော့ လက်နက်ကြီးတွေ နဲ့ထိုးတာတော့ ကြားပါတယ်။”

ဒီမနက်တိုက်ပွဲအတွင်းလက်နက်သံကြောင့် ဒေသခံတွေ ကြောက်လန့်နေကြပြီး သွားလာရေးမှာလဲ အခက်တွေ့နေတယ်လို့ တခြားကျောက်တန်းရွာသားတဦး ကပြောပါတယ်။

“တိုက်ပွဲကတော့ခဏလေးဘဲဖြစ်တာပါ။ (၉)နာရီ(၁၅)လောက်မှာ။ ပေါက်ကွဲမှုက မြေတွေတုန်လှုပ်သွားတယ်။ ပစ်ခတ်သံကြားပြီး တိတ်သွားတယ်။ အခုလူတွေ မသွားရဲမလာရဲ လူတွေကိုလဲ ပိတ်ဆို့ထားတယ်။”

ဒီကနေ့မနက်နဲ့ မနေ့ က ကျောက်တန်းကျေးရွာဘက်မှာဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအခြေအနေ နဲ့ ပတ်သက်လို့ ရခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ဒီနေ့မနက်မှာလဲဘဲ ကျောက်တန်းရွာဘက်မှာဖြစ်နေတယ်လို့တော့သိရတယ်ဗျ။ ဒါပေမဲ့လို့ အသေးစိပ်အချက် လက်တွေတော့ ကျွန်တော်ဆီရောက်မလာသေးဘူး။ ဖေဖေါ်ဝါရီလ(၂)ရက်နေ့မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာနဲ့ ရေဘုတ်ရွာ အကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဗမာတပ်ဖက်ကအထိခိုက်အကျဆုံးများတယ်ဗျ။ စစ်အသုံးဆောင်ပစ္စည်းတွေ လက်နက်ခဲယမ်းအသုံးဆောင်ပစ္စည်းတွေ ကျွန်တော်တို့သိမ်းဆည်းရမိတာရှိတယ်။ နောက်ပြီးတော့ မနေ့က ပလက်ဝမြို့နယ် ပကာဝရွာရဲ့အနောက်တောင်ဘက် ၁ ကီလိုလောက်အကွာအဝေးမှာလဲပဲ ရန်သူ့ရိက္ခာပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာရှိတယ်။”

ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကနေ(၃)ရက်နေ့အထိ ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော် နဲ့ တိုက်ပွဲဆက် တိုက်ဖြစ်ပွါးနေတယ်လို့လဲ ရခိုင့်တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရသေ့ တောင်မြို့နယ် အတွင်း AA နဲ့တပ်မတော်အကြား တိုက်ပွဲဖြစ်ပွါးနေမှုသတင်းထွက်နေတာနဲ့ပက်သက်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီနေ့မနက်မှာတော့ ကျွန်တော်တို့တိုက်ပွဲဖြစ်သံတော့မကြားမိဘူး။ မနေ့ကတော့အရပ်ယာဉ်တစီးကို မိုင်းခွဲတိုက် ခိုက်ခံရတာတော့ ကြားတယ်။ remote မိုင်းလို့တော့အကြမ်းဖျင်းသိရပါတယ်။ မနေ့ကတုန်းက ကျောက်တန်းနားမှာ တိုက်ပွဲဖြစ်တာမဟုတ်ဘူးခင်ဗျ။ အရပ်သားကားတစီးကို AAကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်တဲ့ဖြစ်စဉ်ပဲရှိပါတယ်ခင်ဗျ။ အဲဒီဥစ္စာက ရသေ့တောင်ကနေပြီးတော့မှ ရေစိုးချောင်းကိုသွားတဲ့ကားပေါ့နော်။ မနေ့က ကျွန်တော်သိရသလောက်က (၂)နာရီ(၄၀)လောက်မှာ ကွဲတဲ့ အသံနှစ်သံကြားတယ်။ အသံကြားတော့ တပ်ကနေပြီးတော့မှ သွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ အဲဒီမှာ အရပ်ယာဉ်အပြာပေါ့။ မိုင်းကွဲအစတွေမှန်ပြီးတော့မှ လူတော့တယောက် မှမတွေ့ ရဘူးအဲဒီအနေထားမျိုးပါ။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၆) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊"သမီးလှရွာသစ်ကျေးရွာ"အနီးမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်AAတို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ရာမှာကလေးငယ်တဦးလက်နက်ကြီးကျည်စထိမှန်ပြီး သဆုံးခဲ့သလို အမျိုးသမီးနှစ်ဦးဟာလဲထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၈ နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဒီကနေ့အထိ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲ တွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေခဲ့တာပါ။

ဒီလိုတိုက်ပွဲတွေဖြစ်ပွါးနေမှုကြောင့်ရခိုင်ပြည်နယ်ဘူးသီးတောင် ရသေ့တောင်၊ မောင်တော၊ ကျောက်တော် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံရွာသား(၆၀၀၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရွာသားတချို့မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံရမှု တွေရှိနေပြီး ဒေသအနှံ့မှာ စစ်ဆေးမှုတွေလဲ ပိုမိုများပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG