သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ရေကြီးမြေပြိုမှု ၈ ဦးသေဆုံး


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေလွှမ်းမိုးတဲ့မြင်ကွင်း။ (ဓာတ်ပုံ-နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေလွှမ်းမိုးတဲ့မြင်ကွင်း။ (ဓာတ်ပုံ-နိရဉ္စရာ)

ရခိုင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်း မိုးအကြီးအကျယ် ရွာနေတာကြောင့် တောင်ကျရေ ကျဆင်းပြီး မြေပြိုမှုတွေကနေ လူတချို့ သေဆုံးခဲ့ရသလို မင်းပြားမြို့နယ်အတွင်းမှာတော့ လူ လေးထောင်လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေ ဘက်မှာလည်း ရေကြီး မြေပြိုတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေရပါတယ်။ နောက်ဆုံး အခြေအနေတချို့ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဇွန်လ ၁၂ ရက်နေ့လောက်ကစပြီး မိုးရွာနေတာနဲ့ တောင်ကျရေတွေကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။ ဒီအတွက် ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ သေဆုံးသူ စုစုပေါင်းရင် ၈ ဦးထိရှိလာနေကြောင်း ရခိုင်ပြည်နယ်တွင်းက သတင်းအချက်အလက်တွေ စုဆောင်းထားတဲ့ narinjara သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ထဲမှာ ၈ ယောက်သေသွားပြီ။ တောင်ကုတ်မှာ ၂ ယောက်သေတယ်။ စစ်တွေမှာ ၂ ယောက်သေတယ။ မြောက်ဦးမှာ တယောက် သေတယ်။ အမ်းမှာ ၂ ယောက်သေတယ်။ အမ်းမှာက ဝမ်းနည်းစရာကောင်းပါတယ်။ ကားနဲ့သွားရာမှာ တောင်ကျရေတွေ တိုက် စီးပြီး ကားပ ါမျောပါပြီး မောာင်နှမ၂ ယောက်သေသွားတာ။ ပုဏ္ဏားကျွန်းမြို့မှာ ကလေးတယောက်သေသွားတော့ စုစုပေါင်း ၈ ယောက် သေ သွားပြီပေါ့။ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်းပေါ့။"

မင်းပြားမြို့နယ်ထဲက ကျေးရွာတွေကတော့ ရေလွှမ်းမိုးတဲ့ဒဏ် ခံနေရပြီး အနီးက ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ရွှေ့ပြောင်းခိုလှုံနေကြရပြီး သူတို့အတွက် သောက်ရေနဲ့ ပြောင်းရွှေ့ရေးအတွက် စက်လှေတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

"ဒီမှာက ရွာပေါင်း ၂၇ ရွာပေါ့ လူပေါင်း ၄,၀၀၀ လောက်က ဘေးနားကရွာတွေ ၊ ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေဆီကို ရွှေ့ရတာပေါ့။ လူပေါင်း ၄,၀၀၀ လောက်က ရေဘေးဒဏ်ကိုခံနေရတာပေါ့။"

မကွေးတိုင်း၊ ငဖဲမြို့နယ် စပ်စီရွာအနီးမှာ ကျောက်ပုံပြိုကျပြီးတဲ့နောက် ရခိုင်ဘက်ကို သွားမဲ့ ရာဂဏန်းလောက်ရှိတဲ့ ကားတွေလည်း လမ်းပိတ်နေပါတယ်။ အခုလို လမ်းတွေပျက်စီးနေတဲ့အတွက် ကူညီကယ်ဆယ်ရေးတွေ မရောက်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

"ကူညီကယ်ဆယ်ရေးတွေက လောလောဆယ်မရောက်နိုင်ကြသေးဘူး။ အဓိက လမ်းတွေပိတ်နေတော့ အကူညီပေးမဲ့သူတွေကလည်း မသွားနိုင်ဘူးဖြစ်နေတယ်။ ရခိုင်ပြည်နယ်ထဲက ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးအဖွဲ့ကတော့ ပုဏ္ဏားကျွန်းတို့ ဘာတို့ကို နည်းနည်းသွားပေးတာတော့ တွေ့တယ်။"

တောင်ကုတ်မြို့နယ်ထဲက ပင်လယ်ကမ်းခြေအနီးမှာရှိတဲ့ ကုလရောင်ကျေးရွာကတော့ ပင်လယ်လှိုင်းတွေ ရိုက်ခတ်တာကြောင့် မြေတွေ ပြိုကျလာပြီး အဲဒီအနားက အိမ်တွေကို ဖြိုဖျက်ပြီး ရွှေ့ပြောင်းနေရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းက သဘာဝဘေးတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့လေးငါးနှစ်အတွင်းမှာ ရေကြီးရေလျှံတာ၊ တောင်ကျရေတွေ ကျလာတာတွေ၊ သဘာဝ ဘေးဒဏ် ခံစားရတာ တွေဟာ သစ်တောတွေ ပြုန်းတီးမှုကြောင့် ဖြစ်လာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်သူတွေက ကောက်ချက်ချခဲ့ပါတယ်။ ဒီလိုတွေမဖြစ်အောင်လို့ တာဝန်ရှိတဲ့အစိုးရအနေနဲ့ စံနစ်တကျ စီမံဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဝေဖန်ကြတာတွေလည်း ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG