သုံးရလွယ်ကူစေသည့် Link များ

မကြာသေးခင် ရက်တွေအတွင်း မိုးသည်းထန်ရွာသွန်းမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုတွေနဲ့ အကြီးအကျယ် ကြုံနေရပါတယ်။

တချို့မြို့နယ်တွေမှာ လူအသေအပျောက်တွေတောင် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေ က ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မိုးအပြင်းအထန် ရွာသွန်းမှုတွေနဲ့ ကြုံခဲ့ရပြီးနောက် ရခိုင်ပြည်နယ်အတွင်း နေရာတော်တော်များများမှာ ရေကြီးမှုတွေနဲ့ ကြုံခဲ့ရပြီး၊ လူသေဆုံး၊ ပျောက်ဆုံးမှုတွေ ရှိနေတယ်လို့လည်း အကူအညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဘူးသီးတောင်၊ မောင်းတော၊ တောင်ဂုတ်၊ သံတွဲနဲ့ အမ်းမြို့နယ်တွေမှာ ရေကြီးမှုတွေနဲ့ အကြီးအကျယ်ကြုံနေရပြီး အမ်းမြို့မှာ ဆိုရင်တော့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တဲ့အကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး ကပြောပါတယ်။

“ကျမတို့ သတင်း အတိအကျ ရထားတာကတော့ ၅ လောင်းပဲ ရထားပါသေးတယ်။ ဒါပေမဲ့ ကျမတို့ နယ်ဘက်က အဆက်အသွယ် ပြတ်နေပါသေးတယ်။ ဒီနေ့ သင်္ဂြိုဟ်တာက ကျောင်းသားလေးတယောက်ပါ၊ ကျောင်းသားလေးက သောကြာနေ့ကတည်းက ညနေ အိမ်ပြန်ကြတာ ကျောင်းသား ၂ ယောက်ပြန်တာမှာ အငယ်တယောက်က လွတ်ပြီးတော့ ၉ တန်းကျောင်းသားလေးကတော့ ရေထဲမျောသွားပြီး ဆုံးသွားပါတယ်။ အမ်းမြို့ကျမတို့မြို့နယ်မှာ ၂ လောင်းပါ၊ စစ်ဆေးရုံမှာ ၁ လောင်းပါ။ နောက် နယ်ဘက်တွေမှာပါ။ ရွာစပ်တွေမှာလည်း တအား ဆိုးပါတယ်လေ။ ရွာလုံးကျွတ်မြုပ်တယ်။ အဲ့လိုရွာတွေက တော်တော်ဆိုးပါတယ်။ အများကြီးပါ၊ အများကြီးပါ၊ အိမ်အလုံးလိုက်ပါ၊ ကျမအိမ်နားမှာ ကျမရပ်ကွက်တခုတည်းမှာတင် အလုံး ၂၀ လောက် ရေထဲမျောပါသွားပါတယ်။ ဒါ ရပ်ကွက်တခုတည်းမှာနော်။ ကျမတို့ဖြစ်ခဲ့တဲ့ဖြစ်စဉ် အားလုံးထဲမှာ အဆိုးရွားဆုံးပါပဲ။ လွန်ခဲ့တဲ့ ၆ နှစ်ကထက်ကို ရေလျှံပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ၇ ပေလောက်ပဲ မြင့်တယ်။ အခု ဒီနှစ်လောက်ကျတော့ ၁၀ ပေလောက်ကို မြင့်တက်သွားတယ်လေ။”

အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်းမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် အဓိက ဆက်သွယ်ရာ လမ်းတွေလည်း ပြတ်တောက်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် စားနပ်ရိက္ခာတွေ ရေမြုပ်ကုန်တဲ့အပြင်၊ ဆက်သွယ်ရေးနဲ့ အသွားအလာတွေ ပြတ်တောက်ခဲ့တဲ့အတွက် စားသောက်ကုန် ရှားပါးမှုတွေနဲ့ ကြံနေရတယ်လို့လည်း ဒေါ်သွယ်သွယ်စိုး ကပြောပါတယ်။

“ရန်ကုန် - စစ်တွေ လမ်းမကြီးမှာ ပေ ၄၀၊ ၅၀ လောက်ကို ကျိုးပြီးတော့၊ မြေပြတ်ရွေ့ကျောကြီးလို ဖြစ်သွားတာ။ အဲဒါက အပြင်းအထန်ဆုံး ပြန်ဆောက်မှ တလလောက်တောင် ကြာမယ်ဆိုတော့ ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းကုန်မယ်။ ဆန်ဈေး၊ ဆီဈေး ကုန်ဈေးနှုန်းတွေ အကုန်တက်နေပါပြီ အခု။”

သံတွဲမြို့ပေါ်မှာတော့ ရေကျသွားပြီးဖြစ်ပေမဲ့ ရွံ့နွံတွေ ကျန်နေသေးကြောင်း စစ်တပ်နဲ့ မီးသတ်က ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ သံတွဲမြို့နယ်ဘက်မှာလည်း အိမ်တွေနစ်မြုပ်တာတွေ ရှိခဲ့သလို လူ ၄၀၀ လောက်ဟာလည်း ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းတွေက ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ခဲ့ရပါတယ်။ ကျောက်တော်မြို့နယ် ဘက်မှာတော့ ကျေးရွာပေါင်း ၁၀ ရွာမနည်း ရေနစ်မြုပ်တာတွေကြောင့် ပြီးခဲ့တဲ့ရက်တွေကတော့ ရေဘေးဒုက္ခတွေ ကြုံခဲ့ရပါတယ်။

အမ်းမြို့မှာတော့ အရေးပေါ် ကယ်ဆယ်ကူညီရေးတွေ လိုအပ်နေဆဲဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ်မှာတော့ ရေးဘေးဒုက္ခရောက်သူတွေကို အာဏာပိုင်တွေက လာရောက် ကြည့်ရှုတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ တနိုင်တပိုင်ပဲ လူထုအခြေပြုအဖွဲ့တွေက အဓိက လုပ်ဆောင်နေရတယ်လို့ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးထွန်းအောင်သိမ်း က ဆိုပါတယ်။

“ဘူးသီးတောင်မြောက်ပိုင်းမှာက များတယ်ခင်ဗျ။ ထွန်းပေါက်ဆိုတဲ့ ကျေးရွာမှာ ကျနော်တို့ အိမ်ခြေ ၄၀ လောက်ကို ရေနစ်တယ်။ ကျနော်တို့ ဒီမှာ ကထိကဆိုတဲ့ရွာမှာ မိသားစု အိမ်ခြေ ၁၉၅ လုံးခင်ဗျ ရေနစ်သွားတာလေ။ ပန်းပဲချောင်းရွာဆိုရင်လည်း ၄၀ လောက်ရှိတယ်။ တောင်ပကာဆိုတဲ့ နေရာမှာ အိမ်ခြေ ၆၀ လောက် ရေမြုပ်တယ်ခင်ဗျာ။ နောက်ပြီးတော့ ကဒကူအုပ်စုလို့ပြောတဲ့ နေရာမှာ လမ်းမကြီး ပြိုကျသွားတယ်။ တံတားတွေ ယိမ်းယိုင်ကုန်တယ်။ အိမ်ပြိုသွားတာတွေရှိတယ်။ အဲဒီရွာမှာလည်း အိမ်ခြေ ၃၀ လောက်ရှိတယ်ခင်ဗျ။”

မြန်မာနိုင်ငံ မိုးလေ၀သဌာနရဲ့ ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး၊ ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်နိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ မိုးရေချိန် ၈ လက်မလောက်အထိ ရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီကနေ့ မိုးလေ၀သဂြိုဟ်တုရဲ့ တိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့လည်း မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG