သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ စီးပွားရေးဇုန် လက်ရှိ အစိုးရ လက်ထက် စလုပ်မယ့် ကိစ္စ ကန့်ကွက်နေ


ဒီဇင်ဘာလ ၁၈ကနေ၂၀ အထိ ကျောက်ဖြူမှာ ကျင်းပတဲ့ ရခိုင်ပြည်လုံး ဆိုင်ရာ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ ဖိုရမ်။ သတင်းဓာတ်ပုံ- Photo Credit to Khaing Kaung San။
ဒီဇင်ဘာလ ၁၈ကနေ၂၀ အထိ ကျောက်ဖြူမှာ ကျင်းပတဲ့ ရခိုင်ပြည်လုံး ဆိုင်ရာ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ ဖိုရမ်။ သတင်းဓာတ်ပုံ- Photo Credit to Khaing Kaung San။

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံကိန်းကို လက်ရှိ အစိုးရ သက်တမ်းကုန်ခါနီးမှာ စီမံကိန်း စတင်ဖို့ အားချင်း လုပ်ဆောင် တာမျိုး မဖြစ်သင့်ဘူးလို့ ရခိုင် အရပ်ဖက် လူမှုရေး အသင်းအဖွဲ့တွေက ပြောလိုက်ပါတယ်။ ဒါအပြင် အစိုးရအနေနဲ့ စီမံကိန်း အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လဲ လူမှုရေး အသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ထောက်ပြကြပါတယ်။ သတင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုထဲမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု အများဆုံး ပါဝင်ပြီး အကောင်အထည်ဖော် မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်ရာမှာဒေသခံတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ပွင့်ပွင့်လင်းလင်း အသိပေး ချပြတာ မရှိသေးတဲ့ အကြောင်းကို ဒီဇင်ဘာလ ၁၈ရက်ကနေ ၂၀ရက်အထိ ကျောက်ဖြူမြို့မှာ ကျင်းပနေတဲ့ ရခိုင် ပြည်လုံး ဆိုင်ရာ အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ ဖိုရမ်မှာ တက်ရောက်လာကြတဲ့ အသင်းအဖွဲ့တွေက ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူ အထူးစီးပွားရေး စီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ စတင် အကောင်အထည်ဖော်မယ့် အကြောင်းကို တင်ပြ ခဲ့တာဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီလို ပမာဏ ကြီးမားတဲ့ စီမံကိန်းမျိုးကို သက်တမ်းကုန်ကာနီး အစိုးရက လက်ကျန်သက်တမ်းအတွင်းမှာ အားချင်း အကောင်အထည်ဖော်မယ့်အစား နောက်တက်လာမယ့် အစိုးရသစ်ကသာ ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက်ပြီး လူမှုရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဝံလက် ဖောင်ဒေးရှင်း က ဒါရိုက်တာ ကိုခိုင်ကောင်းစံက ပြောပြပါတယ်။

"'ဒီမြေဧက လေးထောင်ကျော်ပေါ့နော်။ အထူးစီးပွားရေးဇုန်အတွက်။ အဲ့တော့ ဒီလယ်သမားတွေကို ကြိုတင်ညှိနှိုင်းအသိပေးတာတွေ ဘာမှ မရှိဘူးပေါ့။ အစိုးရက သူထင်ရာ လုပ်မယ်။ အဲ့တာမျိုးက မဖြစ်သင့်ဘူး။ အထူးသဖြင့် တက်လာမယ့် အစိုးရကပဲ ဒါကို လုပ်ဆောင်သွားဖို့ လိုအပ်တယ်။ အခုက ဒီအစိုးရက ဒီအပြောင်းအလဲဖြစ်ကာနီးမှာ ဒါကြီးကို ဇွတ် အတင်းသွင်းပြီးမှ လွှတ်တော်မှာ တင်သလိုဖြစ်နေတယ်။ ဒီမြေဧက လေးထောင်ကျော်က လယ်သမားတွေကို နစ်နာကြေးတွေ လျော်ကြေးတွေ နောက်တခါ ကြိုတင်ညှိနှိုင်း အသိပေးတဲ့ နိုင်ငံတကာစံနဲ့ အခွင့်အရေးတွေအတွက် ကိုက်ညီပြီးတော့မှ လုပ်ဆောင်သင့်တာဖြစ်တယ်ပေါ့။ အဲ့တော့ တက်လာမယ့် အစိုးရကပဲ ပြည်သူတွေကို ချပြပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကိုပဲ ကျနော်တို့ေ့ပြာချင်ပါတယ်။ "

လက်ရှိအစိုးရဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ဖော်ဆောင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ အကြောင်းကို ကျောက်ဖြူဒေသခံတစ်ဦးဖြစ်တဲ့ ကိုထင်လင်းက အခုလို ပြောပြခဲ့ပါတယ်။

"ပွင့်လင်းမြင်သာစွာ ဘာတခုကိုမှ မချပြဘူး။ အခုအချိန်အထိလည်း ကျနော်တို့က အဲ့ဒီ့ပရိုဂျက်က ဘယ်နေရာကစပြီး ဘယ်နေရာမှာ ဆုံးမယ်။ ဘယ်နေရာက ဘယ်လောက်အကျယ်အဝန်းရှိတယ်ဆိုတာ ကျနော်တို့ ဒေသက လူတွေ တယောက်မှ မသိသေးဘူး။"

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ ၂၀၀၉ခုနှစ် နဲ့ ၂၀၁၁ခုနှစ်တွေမှာ တရုတ် ကုမ္ပဏီ CITIC နဲ့ မြန်မာ အစိုးရအကြားမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီစီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ ရထားလမ်း၊ လေဆိပ်နဲ့ စက်မှုဇုန်တွေ ပါဝင်ပြီး၊ ၂၀၁၁ခုနှစ် မေလက ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကနဦး အဆိုပြုချက်အရ စုစုပေါင်း စီမံကိန်း ဧရိယာ ဧကသုံးသောင်းအထိ ပါဝင်ပြီး၊ ကနဦး အဆင့်မှာတင် ဒေါ်လာဘီလျံနဲ့ချီပြီး ကုန်ကျမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ရွှေ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုကြောင့် ကျေးရွာတွေနဲ့ လယ်မြေ ဧရိယာ အမြောက် အများ ပြောင်းရွှေ့ပေးရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်က ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပြင်၊ ရန်ကုန်တိုင်းဒေသကြီးမှာ သီလဝါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

XS
SM
MD
LG