သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA စစ်ဦးစီးချုပ်ရဲ့ဇနီးနဲ့သားသမီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထိန်းသိမ်းခံရ


ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

(Zawgyi/Unicode)

ရခိုင်ပြည်နယ်တွင်း စစ်ရေးတင်းမာမှုတွေ အရှိန်မြှင့်နေချိန်မှာပဲ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦးကို ထိုင်းနိုင်ငံ ချင်းမိုင် လဝကရုံးမှာ ထိုင်းအစိုးရက ထိန်းသိမ်းပြီး ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ကို ပို့ဆောင်လိုက်ကြောင်း ကြားသိရတယ်လို့ ထိုင်းအခြေစိုက် ရခိုင်အမျိုးသားကောင်စီအထွေထွေအတွင်းရေးမှူးက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ထိုင်းအခြေစိုက် တော်လှန်ရေး အင်အားစုတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့လုံခြုံရေးကို ြခိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ်လည်းသူက ရှု့မြင်ပါတယ်။ ဒီလိုရခိုင်စစ်ဦးစီးချုပ်နဲ့ဆက်နွယ်နေတဲ့မိသားစုတွေကို ဖမ်းဆီးနေတဲ့လုပ်ရပ်ကို ရှုတ်ချပြီး ရခိုင်စစ်ရေးတင်းမာမှုတွေကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ကိုလည်း ရခိုင်အမျိုးသားပါတီ ANPရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ရခိုင် လွှတ်တော်အမတ်တဦးက ပြောပါတယ်။ ရခိုင်စစ်ဦးစီးချုပ်ရဲ့မိသားစုကို ထိန်းသိမ်းမှုှုအပေါ် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြား သံတမန်ရေး ဆက်သွယ်လုပ်ဆောင်ချက် သက်ရောက်မှုတွေအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA တို့ကြား တိုက်ပွဲတွေ အရှိန်မြှင့်နေသလို AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆက်နွယ်မှုတွေနဲ့ စစ်ဦးစီးချုပ်နဲ့ဆက်နွယ်တဲ့မိသားစုတွေ အရပ်သားဒေသခံတချို့ကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ ပိုတိုးလာနေချိန်မှာပဲ ဒီဇင်ဘာလ ၄ရက်နေ့မှာ AA ရခိုင်တပ်မတော်ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူနဲ့ မိသားစု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အထိန်းသိမ်းခံလိုက်ရတာပါ။


AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ သားသမီးနှစ်ဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာလာတိုးချိန် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဘက်ကို ရဟတ်ယာဉ်နဲ့ပို့ဆောင်လိုက်ကြောင်း ကြားသိရတယ်လို့ ထိုင်းအခြေစိုက် ရခိုင်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။


“ အခုသတင်းအရဆိုရင်တော့-ချင်းမိုင်မှာ သူတို့ဗီဇာ လာ သက်တမ်းလာတိုးတယ်။ ချင်းမိုင် ထိုင်းလဝကရုံးကနေပြီးတော့မှ ဖမ်းပြီးတော့မှ မယ်ဆိုင်ပေါ့လေ ရဟတ်ယာဉ်နဲ့ခေါ်သွားတယ် အဲ့လိုပဲ သိရတယ်ပေါ့။ အဲ့သတင်းအရ မယ်ဆိုင်ကို ခေါ်တာက တဘက်က တာချီလိတ် မြန်မာဘက်ကို နေပြီးတော့မှ မြန်မာဘက်ကိုခေါ်သွားဖို့လို့သုံးသပ်ရတာပေါ့လေ။ ဒီလိုမျိုး လုပ်ရပ်တွေက စစ်ရေးကို မငြိမ်းစေတဲ့အပြင်ပေါ့နော် နောက်ထပ် ပိုမိုပြင်းထန်တဲ့ မလိုလားအပ်တဲ့အကျိုးဆက်တွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ ကျနော်တို့ကတော့ မြင်မိတယ်။ ပြီးခဲ့တဲ့လတွေတုန်းကလည်း စင်ကာပူက ရခိုင်အမျိုးသားတွေ နောက်ပြီးတော့မှ ထိုင်းမှာ ရှိတဲ့ မလေးရှားမှာရှိတဲ့ ရခိုင်တွေရဲ့ စာရင်းတွေက သူတို့ရဲ့ဖမ်းဝရမ်းထဲမှာ ထွက်လာတာရှိတယ်။ လူပေါင်း ၁၆၄ ယောက်လား ၁၆၅ယောက်လားပေါ့နော်။ ဒါကို သူတို့လက်တွေ့ အကောင်အထည်ဖော်တဲ့ပြရုပ်ပါပဲ။ ဒါကတော့ ဒီဘက်မှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအကုန်လုံးကို ရိုက်ခတ်တဲ့လက္ခဏာပါ့ပဲ။ အထူးသဖြင့်ကတော့ NCA လက်မှတ်မရေးထိုးထားတဲ့အဖွဲ့အစည်းတွေနဲ့ ကျနေ်ာတို့ လက်ရှိ မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှုတွေရှိနေတဲ့အဖွဲ့တွေကိုတော့ တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တာပေါ့နော်။”

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး သားသမီးတွေ အထိန်းသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်တပ်မတော် AA ဘက်ကို အတည်ပြုနိုင်ဖို့ ဆက်သွယ်ပေမဲ့ အခုအချိန်အထိတော့ ဆက်သွယ်မရသေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဘက်ကတော့ သူ့အနေနဲ့ အဲ့ဒီ့သတင်းကို မသိရှိရသေးကြောင်း ဗွီအိုအေကိုပြောပါတယ်။

အခုလိုထိုင်းနိုင်ငံ ချင်းမိုင်မှာ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ သားသမီးနှစ်ဦးကို ဖမ်းဆီးတာ၊ အရင်ကလည်း AA စစ်ဦးစီးချုပ်ရဲ့ ညီမဖြစ်သူရဲ့ခင်ပွန်း ထိုင်းနိုင်ငံ ချင်းမိုင်ကပြန်လာချိန် လာကြိုသူ စစ်ဦးစီးချုပ်ရဲ့ ညီမဖြစ်သူကိုပါ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုအရေးယူမှုတွေ စတဲ့လုပ်ဆောင်နေမှုတွေဟာ ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကို ပြေလည်စေမယ့်နည်းလမ်းတွေမဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောကမြင်ပါတယ်။ တင်းမာနေတဲ့ စစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းပါလို့လည်း ရခိုင်လွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဦးဦးလှစောက ပြောပါတယ်။


“ သူ့အမျိုးသားက လက်နက်ကိုင်အဖွဲ့အစည်းမှာ ပါနေလို့ နိုင်ငံတော်ကို ဆန့်ကျင်နေလို့ အစိုးရကို ဆန့်ကျင်နေလို့အတွက်ကြောင့် သူ့ဇနီးနဲ့မိသားစုကို ဖမ်းတယ်။ ကလေးတွေပါ ပါတယ်ဆိုတော့ ဘယ်လိုမှ တရားနည်းလမ်းမကျဘူးလို့မြင်ပါတယ်။ အဲ့လိုဟာမျိုး ကျနော်တို့ တခါမှလည်း မကြားဖူးဘူး။ အဲ့တာတော့ သိပ်မဖြစ်သင့်ဘူးထင်တယ်နော်။ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ အရှိန်ယူနေတဲ့ကာလမျိုးမှာ ဒီဖြစ်ရပ်တွေက ဘယ်လိုမှ အပြုသဘောမဆောင်ဘူး အင်မတန် စိတ်ပျက်ဖို့ကောင်း တယ်။ ဝမ်းနည်းဖို့ကောင်းတယ်ပေါ့နော်။ ဒါမိသားစုအတွက်လည်း ကျနော်တို့ စိတ်မကောင်းပါဘူး။ နောက်တခုက တိုင်းပြည်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေချိန် ကာလ ဒီလိုကာလကြီးမှာ ဒီလိုအဖြစ်အပျက်တွေ ပေါ်တယ်ဆိုတာကတော့ ဘယ်လိုမှာ ကျနော်တို့နိုင်ငံအတွက် Image တွေ မကောင်းနိုင်ပါဘူး။”

အခုလို ထိုင်းနိုင်ငံဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ AA ရဲ့ စစ်ဦးစီးချုပ်ရဲ့မိသားစုကို ဖမ်းဆီးထိန်းသိမ်းပြီး မြန်မာအစိုးရလက်ကို အပ်နှံတဲ့ကိစ္စအပေါ် ဒါဟာ နှစ်နိုင်ငံကြား အထူးသဖြင့် အာဆီယံနိုင်ငံအချင်းချင်း သံတမန်ရေးနဲ့ ဥပဒေကြောင်းအရ ပူးပေါင်းဆောင်ရွက်မှုတခုအဖြစ် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ အခြေစိုက်နေထိုင်ခဲ့တဲ့ မြန်မာ့အရေးလေ့လာအကဲခတ် ဦးအောင်သူငြိမ်းဘက်ကတော့ သုံးသပ်ပါတယ်။


“ထိုင်းအစိုးရ နောက် အာဆီယံတခုလုံးကတော့ ကျနော်ထင်တယ်။ အရင်တုန်းက အခြေအနေနဲ့မတူတော့ဘူးဗျ။ အရင်တုန်းကတော့ တမျိုးပေါ့နော် စစ်အစိုးရဖြစ်တော့။ အခုနောက်ပိုင်း အာဆီယံနိုင်ငံအချင်းချင်းကြားမှာ တနိုင်ငံကနေ တောင်းဆိုရင် တနိုင်ငံက လုပ်ပေးရတဲ့ဟာမျိုးတွေရှိတယ်။ အရင်တုန်းကလို မသိချင်ဟန်ဆောင်ထားတာမျိုး အဲ့လိုအနေအထားမျိုးတွေကတော့ မရှိနိုင်တော့ဘူးဗျ။”


ရခိုင်အပါအဝင် တိုင်းရင်းသားဒေသတွေက စစ်မီးတွေငြိမ်းရေးနဲ့ ပြည်တွင်းစစ်အဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးစကားဝိုင်းတွေကျင်းပချိန် ထိုင်းနိုင်ငံ ချင်းမိုင်- တရုတ်နိုင်ငံ ကူမင်းစတဲ့နိုင်ငံတွေမှာ အဲ့ဒီ့နိုင်ငံတွေက လုံခြုံရေးတာဝန်ယူပြီး တာဝန်ခံကျင်းပပေးနေချိန်မှာ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဦးစီးချုပ်မိသားစုအပေါ် ဖမ်းဆီးထိန်းသိမ်းမှုကတော့ အစိုးရနဲ့အပစ်ခတ်မရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်အဖြစ်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေဘက်က ရှု့မြင်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]























XS
SM
MD
LG