သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး အဓိကရုဏ်းနှိမ်နင်းမှု စုံစမ်းရေးအဖွဲ့နဲ့ စစ်ဆေးမည်


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၇ ဦးအထိ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ စုံစမ်းစစ်ရေးအဖွဲ့က ဒီသီတင်းပတ်ထဲမှာပဲ စတင်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။ ရခိုင်လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ စုံစမ်းရေး အဖွဲ့အနေနဲ့ မြောက်ဦးမြို့က အဓိကရုဏ်းကို နှိမ်နင်းရာမှာ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေ ဘောင်ကျော်ပြီး လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိကို အဓိက အာရုံစိုက်ပြီး၊ တလအတွင်း စစ်ဆေးသွားဖို့ ရည်ရွယ်ထားကြောင်းလည်း စုံစမ်းရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခု ဇန်နဝါရီ လကုန်က စပြီး မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်ကို စတင် စုံစမ်းတော့မှာဖြစ်ပါတယ်။

မြောက်ဦး အဓိကရုဏ်းမှာပါဝင်တဲ့ ဆန္ဒပြသူတွေရော၊ ရဲတပ်ဖွဲ့ပါ နှစ်ဖက်စလုံးကို စုံစမ်းစစ်ဆေး သွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ လူစုလူဝေးဖြိုခွဲရာမှာ ဥပဒေ ဘောင်ကျော်ပြီး လုပ်ခဲ့သလားဆိုတာကို သေချာ စုံစမ်းစစ်ဆေးသွားမယ်လို့ မြောက်ဦးဖြစ်စဉ် သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ဦး သာထွန်းစိန်က ပြောပါတယ်။

“ ဒီဖြစ်စဉ်ထဲမှာ ရဲဘက်ကကျတော့ ဒီအဓိကရုဏ်းကို နိမ်နင်းတဲ့အခါမှာ အဓိကရုဏ်းနိမ်နင်းရေး ပုံစံအတိုင်း အဆင့်ဆင့်လုပ်ခဲ့သလား ။ သို့မဟုတ်သူတို့က အဆင့်ဆင့် မဟုတ်ပဲ စိတ်အလိုကို လိုက်ပြီးတော့ ဥပဒေကို ကျော်ပြီးတော့ လုပ်ခဲ့တာရှိခဲ့သလား။ ဒီလိုမျိုး ရှိခဲ့ရင်တော့ ကျနော်တို့က ဒါကို နည်းဥပဒေ ဘောင်ကို ကျော်နေပြီး ဒီလိုမျိုး မလုပ်သင့်ဘူးဆိုတာကို ကျနော်တို့ ထောက်ပြီးတော့ ပြောရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ၂ ဦး၂ ဖက်ကို ဒီဘက်က မှားခဲ့လို့ရှိရင် ဒီဘက်က လူတွေကို အရေးယူရမလို ၊ ဟိုဘက်က မှားခဲ့လို့ရှိရင် ဟိုဘက်က လူတွေကို နည်းဥပဒေ နဲ့အညီ အရေးယူဖို့ ကျနော်တို့ ဒီကော်မတီကို ဖွဲ့စည်းရတာဖြစ်ပါတယ်။”

မြောက်ဦး အဓိကရုဏ်းကို အပြီးသတ် စုံစမ်းစစ်ဆေးဖို့ တလအတွင်း အပြီးသတ် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်ပြသွားမယ်လို့ ဦးသာထွန်းစိန်က အခုလို ပြောပါတယ်။

“ ကော်မရှင်ကတော့ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က အစီရင်ခံစာ ရေးရမှာပေါ့နော်။ အစီရင်ခံစာရေးတဲ့ နေရာမှာလည်း ကျနော်တို့က နည်းဥပဒေအတိုင်း ဘောင်ထဲကနေပြီးတော့ ရေးမှာပေါ့နော်။ အဲဒီဘောင်ထဲက ရလာတဲ့ အချက်အလက်တွေကို ကျနော်တို့က လွှတ်တော်ဥက္ကဋ္ဌ ဆီကို တင်ပြမယ်။ လွှတ်တော်ဥက္ကဋ္ဌ ကတခါ လွှတ်တော်မှာ ချပြမယ်။ လွှတ်တော်မှာ ချပြပြီးမှ လွှတ်တော်ရဲ့ ဥပဒေ နည်းဥပဒေတွေနဲ့အညီ ဝန်ကြီးချုပ်ဆီကို ပို့ရမလား ၊ သမ္မတ ဆီကို ပို့ရမလားဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌကပဲ ဆုံးဖြတ်ပါလိမ့်မယ်။”

မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇန်နဝါရီ ၂၉ရက်နေ့က မဲခွဲဆုံးဖြတ် အတည်ပြုပြီး ဖွဲ့စည်းပေးခဲ့တာပါ။ မြောက် ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုက ကန့်ကွက်ခဲ့ကြတာပါ။

မြောက်ဦး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ဆိုတာဟာ ပြည်နယ်လွှတ်တော် တခုတည်းနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလို့ ရခိုက်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာအရှိတဦးက ပြောပါတယ်။

“ စစ်ဆေးတယ်ဆိုတာက တရားဝင်၏ မဝင်၏ဆိုတာက သူတို့က ရခိုင်ပြည်လွှတ်တော်အနေနဲ့ ဆုံးဖြတ်တဲ့ သဘောပဲ ရှိသေးတာကို ၊ ပြည်ထောင်စုလွှတ်တော်ဆိုတာ ရှိပါသေးတယ်ခင်ဗျ ။ အမျိုးသားလွှတ်တော်ဆိုတာ ရှိပါသေးတယ်ခင်ဗျ သူတို့လည်း ဆင့်ကဲတင်ပြပြီးတော့ ဆောင်ရွက်လို့ရမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ ကလည်း ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ရဲ့ ညွှန်ကြားချက်အရပဲ ဆက်ပြီးဆောင်ရွက်သွားမှာပါ။”

ဇန်နဝါရီ ၁၆ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က နန်းရာကုန်းမှာ ရခိုင် ဘုရင့်နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့ တာကြောင့် လူထုက ဆန္ဒဖော်ထုတ်တဲ့အပေါ် ရဲတပ်ဖွဲက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုလူဝေး ဖြိုခွင်းခဲ့ တာပါ။ အဲ့ဒီဖြစ်စဉ်မှာ လူ ၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၂ဦးရှိခဲ့ပါတယ်။

မြောက်ဦး အဓိကရုဏ်းနဲ့ ဆက်စပ်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေး မောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ၊ မတရား သင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဆီးထားပါတယ်။ မြောက်ဦး အဓိကရုဏ်းမှာ ပါဝင်သူ ၈ဦးကိုတော့ အများပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)နဲ့ တရားစွဲဆိုထားပြီး ထွက်ပြေးနေတဲ့ ၄ဦး ကိုတော့ တရားခံပြေးအနေနဲ့ တရားရုံးမှာ စွဲချက်တင်သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောဆိုထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG