သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး သတိထားကိုင်တွယ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပြီး၊ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါ တယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ ရဲတပ်ဖွဲ့ဝင် ၉ ဦး အပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေအပေါ် အတော်လေး စိုးရိမ်မိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။ ဗုဒ္ဓဟူးနေ့အထိ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေသလို၊ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွင်းက စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီး၊ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး - နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အတော်လေး စိုးရိမ်ပူပန်ကြောင်း မနေ့က ပြောဆိုခဲ့ကြတာပါ။ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကတော့ -

“အရေးအကြီးဆုံးကတော့ ဘာဖြစ်သလဲဆိုတာကို သိနိုင်ဖို့ပါ။ ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တယ်၊ ဘယ်နှစ်ယောက် အသတ်ခံရပြီး၊ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာ ဘယ်သူမှ သေသေချာချာ မသိပါဘူး။ ဒါကြောင့်လည်း ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်း သုံးသပ်ဖို့ကတော့ စောနေပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေ အပါအဝင် ထိခိုက်သေဆုံးခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကိုတော့ ကျနော်တို့ အနေနဲ့ ရှင်းရှင်းလင်းလင်း ဆန့်ကျင်ပါတယ်။ မတူကွဲပြားတဲ့ လူပုဂ္ဂိုလ်တဦးချင်းနဲ့ လူမှုအသိုင်းအဝိုင်းပေါင်းစုံက အမျိုးမျိုး ပြောနေ တာတွေလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ - တရားဥပဒေစိုးမိုးမှုအောက်မှာ မျှမျှတတနဲ့ အကောင်းဆုံး ဖြေရှင်းသွားမယ် လို့ မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုထားတာပါ။ ၂၀၁၂ ခုနှစ်ကတည်းက လူ့အသိုင်းအဝိုင်း ၂ ခုကြား ဖြစ်ပွားနေတဲ့ လူမျိုးရေးတင်းမာမှုတွေ ကြောင့်လည်း - Amnesty International အဖွဲ့ကနေ - ဒေသခံအရပ်သားတွေရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိအောင် အစိုးရက ဆောင်ရွက်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုးတွေ လုပ်ဆောင်ဖို့ကို တောင်းဆိုတဲ့အကြောင်း AI အဖွဲ့ရဲ့ အာရှရေးရာ ပြောခွင့်ရပုဂ္ဂိုလ် T. Kumar က ပြောဆိုခဲ့ပါတယ်။

“Amnesty International အနေနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာအတွက် စိုးရိမ်ပါတယ်။ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ဘာမှမသိရပါဘူး။ မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေပဲဖြစ်ဖြစ်၊ ရခိုင်တွေပဲဖြစ်ဖြစ် အရပ်သားတွေကို အကာအကွယ်ပေးနိုင်အောင် ဆောင်ရွက်စေချင်ပါတယ်။ စုံစမ်း စစ်ဆေးမှုတွေဟာလည်း ဘက်မလိုက်ပဲ မျှတမှုရှိပြီး အများပြည်သူ သိရှိနိုင်တဲ့ ပွင့်လင်းမြင်သာမှု ရှိရပါလိမ့်မယ်။ ဒါကြောင့်လည်း စုံစမ်းစစ်ဆေးရာမှာ မျှမျှတတ၊ ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာမှုရှိအောင် လုပ်ရပါ လိမ့်မယ်။ စုံစမ်းစစ်ဆေးမှုတွေဟာ အရေးကြီးတယ် ဆိုပေမဲ့ ပွင့်လင်းမျှတဖို့လည်း လိုအပ်ပါတယ်။ သတင်းထောက်တွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ရခိုင်ပြည်နယ်ကို သွားရောက်ခွင့်ပြုဖို့၊ လက်တွေ့ ဖြစ်ပျက်နေတာတွေကို သိရှိနိုင် အောင် လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ပေးဖို့လည်း မြန်မာ အစိုးရကို ထပ်လောင်း တိုက်တွန်းလိုပါတယ်။”

အလားတူ - HRW အဖွဲ့ကလည်း - ကုလသမဂ္ဂ လို ဘက်လိုက်မှုကင်းတဲ့ အဖွဲ့မျိုးတွေ ဖိတ်ခေါ်ပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ကို မြန်မာအစိုးရကို တိုက်တွန်းခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး HRW ပြောခွင့်ရပုဂ္ဂိုလ် Brad Adams က -

“ကုလသမဂ္ဂကို ဖိတ်ကြားပြီး စုံစမ်းစစ်ဆေးခိုင်းတာကတော့ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အနေနဲ့ သီးခြား လွတ်လပ်မှုရှိရှိ၊ နိုင်ငံရေးကိစ္စတွေ မပါဘဲ ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အခုအချိန်မှာ အန္တရာယ်ရှိတာကတော့ ရဲတပ်ဖွဲ့နဲ့ လူမှု အသိုင်းအဝိုင်းတွေအနေနဲ့ နိုင်ငံရေးနောက်ခံတွေ ရှိနေကြတဲ့အတွက် ဒီကိစ္စကနေ နိုင်ငံရေးအရ အမြတ်ထုတ်လာနိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာတွေကို လေ့လာမယ့် ကော်မရှင်တရပ်ကို ဦးဆောင်ဖို့လည်း ကိုဖီအာနန်ကို ဖိတ်ကြားထားပြီးသား ဖြစ်တဲ့အတွက်၊ သီးခြားလွတ်လပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်လိုတဲ့ ဆန္ဒကိုလည်း ပြသထားပြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း ဒီလိုစုံစမ်းစစ်ဆေးမှုမျိုးတွေ လုပ်နိုင်တဲ့စွမ်းရည် ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ်စခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် အထူး စိုးရိမ်ပူပန်ကြောင်းနဲ့ ဒီကိစ္စကို ပွင့်လင်း မြင်သာစွာနဲ့ ဥပဒေအရ သတိထား ကိုင်တွယ်ဖြေရှင်းဖို့ကို အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် Vijay Nambiar က အင်္ဂါနေ့ကပဲ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ - နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကနေ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူ ၁ သိန်းကျော်ဟာလည်း IDP ဒုက္ခသည်တွေအဖြစ် စခန်းတွေမှာ နေထိုင်နေရဆဲ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်အကြား လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ အပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေအတွက် - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်းလည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး - ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

လောလောဆယ် ပြည်ထောင်စုပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ မောင်တော မြို့နယ်ကို ရောက်ရှိနေပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG