သုံးရလွယ်ကူစေသည့် Link များ

မြန်မာရဲတပ်ဖွဲ့ စွမ်းရည်မြင့်တင်ရေး အင်ဒို အကူအညီပေးလို


အင်ဒိုနီးရှားနိုင်ငံခြားဌာန ပြောခွင့်ရ Armanatha Nasir (VOA/Fathiyah Wardah)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုနဲ့ အကူအညီပေးတာတွေကို သာမက ပညာရေး၊ ကျန်းမာရေးနဲ့ တခြားဦးစား ပေးကဏ္ဍတွေမှာလည်း ကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ဒီကနေ့ပြောပါတယ်။

“တခု ထပ်ဖြည့်ချင်တာကတော့ မြန်မာရဲတပ်ဖွဲ့အတွက် စွမ်းရည်မြှင့်တင်ရေးမှာ အကူအညီပေးမယ့်ကိစ္စပါ။ ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားတဲ့ တပြိုင်ထဲမှာပဲ နိုင်ငံသားတွေနဲ့ ဘယ်လို ထိတွေ့ဆက်ဆံသင့်တယ်ဆိုတာက အဓိက ကိစ္စရပ်ကြီးတခု ဖြစ်နေတာကြောင့်ပါပဲ။” လို့ အင်ဒိုနီးရှားနိုင်ငံခြားဌာန ပြောခွင့်ရ Armanatha Nasir ကပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အစည်းအဝေးအတွက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောသွားတာပါ။ အခုအစည်းအဝေးမှာ အင်ဒိုနီးရှားအနေနဲ့ပြောမယ့် အဓိကအချက်ကတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းတဲ့အဖြေ တခုရရေးကို ရည်ရွယ်လုပ်ဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းချက်တွေကို အထောက်အပံ့ပြုတဲ့အနေနဲ့ အပြုသဘော လုပ်ဆောင် ကြပါလို့ OIC အဖွဲ့ကို တိုက်တွန်းဖို့ဖြစ်ပါတယ်လို့လဲ ပြောခွင့်ရ Nasir ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေစဖြစ်တဲ့ လွန်ခဲ့တဲ့ လေးနှစ်နီးပါးကနေ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရိုဟင်ဂျာလို့ သူတို့ခေါ်ဆိုသူတွေ ထွက်ပြေးကြတဲ့နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားလည်းအပါအ၀င်ပါ။ ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ရွှေ့ပြောင်းသူ ၃,၀၀၀ ကျော် ရောက်သွားပြီး အဲဒီလူတွေကို ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂက ပန်ကြားပေမယ့်လဲ ငြင်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီပြဿနာအတွက်အဖြေတခုရအောင် လုပ်တဲ့နေရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလဲ တာဝန်ရှိတယ် ဆိုတာ အင်ဒိုနီးရှားရော မလေးရှားကပါ သဘောတူခဲ့ကြပြီး တိုက်တွန်းပြောဆိုထားပါတယ်။

XS
SM
MD
LG