အကြမ်းဖက်မှုတွေစတင်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ မွတ်စလင်ကျေးရွာတွေကို ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ရေးကော်မရှင်က ပထမဆုံးအကြိမ် ကွင်းဆင်းလေ့ လာနေပါတယ်။
နယူးရောက်အခြေစိုက် HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ လက်ရှိ မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်တဲ့ အဖွဲ့ဝင်တွေအနေအထားကို ကြည့်ခြင်းအားဖြင့် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ဖို့ အလားအလာနည်းကြောင်းဖေါ်ပြထားပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။
ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်ပြည်နယ်မောင်တော အကြမ်းဖက်မှု စုံစမ်းစစ်ရေးကော်မရှင်ဟာ စတင်အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ နယ်ခြားစောင့်စခန်းတွေ နားက ရွာဖြစ်တဲ့ ကျီးကန်းပြန်မှာ အဓိက အခြေချပြီးတော့ ငါးခူးရ၊ ဝါးပိတ်၊ ပွင့်ဖြူချောင်းနဲ့ ကြက်ရိုးပြင် ကျေးရွာတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကြည့်ရှု့စစ်ဆေးခဲ့တာပါ။
အထူးသဖြင့် မီးလောင်ဖျက်စီးခံရတဲ့ နေရာတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့သလို မွတ်စလင်မိသားစုတွေ၊ နယ်မြေခံ တပ်မတော်အရာ ရှိတွေနဲ့လည်း ကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တဲ့ လုံခြုံရေးတပ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်သူ တွေ ထိပ်တိုက်ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေ၊ လူသေဆုံးမှုတွေနဲ့ပတ်သက်လို့လည်း ဒေသခံရွာသားတွေကို မေးမြန်းခဲ့ကြောင်း အစိုးရထုတ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဒါအပြင် ဗြိတိန်အခြေစိုက် The Guardian သတင်းစာကြီးမှာဖေါ်ပြခဲ့တဲ့ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာမှာ အဓမ္မပြုကျင့်ခံရမှုတွေနဲ့ အစ္စလာမ်ဘာသာဝင် ကလေးငယ်တွေ သတ်ဖြတ်ခံရမှုတွေဆိုတဲ့ သတင်းရေးသားချက်တွေနဲ့ပတ်သက်လို့ အဲဒီကျေးရွာက မွတ်စလင်အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေနဲ့တွေ့ဆုံမေးမြန်းရာမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်တွေက သိမြင်ခဲ့ရတယ်လို့ လည်း အစိုးရသတင်းမှာ ရေးသားထားပါတယ်။
ကော်မရှင်မှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ပြောဆိုချက်အရဆိုရင် ပဋိပက္ခဖြစ်ထားတဲ့ မွတ်စလင်ကျေးရွာတချို့မှာတော့ တိတ်ဆိတ်နေပြီး ရွာသားတွေက ထွက်မလာကြဘူးလို့ ဆိုပါတယ်။ အများစုဟာ ကြောက်ရွံပြီး ပုန်းအောင်းနေကြကြောင်း၊ မီးလောင်ခံရတဲ့ အဆောက်အဦတွေကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ ကျေးရွာစုစုပေါင်း ၂၀ ရွာလောက်ရှိ တယ်လို့လဲဆိုပါတယ်။
အခုလို ပြည်ထောင်စုအစိုးရဘက်က စုံးစမ်းစစ်ဆေးရေးကော်မရှင်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းနိုင်က သူ့အမြင်ကို အခုလိုပြောပါတယ်။
“အားလုံးမှာ လူသားဆန်တဲ့ ကိစ္စတွေပေါ့နော် ၊ နောက်ကိုယ့်နိုင်ငံ ထဲမှာ ဖြစ်နေတဲ့ကိစ္စကို။ ဆိုတော့ ကိုယ့်နိုင်ငံ ထဲမှာရှိတဲ့ လူသားအားလုံးအတွက် အားလုံးက မှန်မှန်ကန်ကန်ဖြစ်အောင် ကြိုးစားနေတယ်လို့ထင်တယ်ပေါ့ဗျာ။ အားလုံးက မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ပေးကြရင်တော့ ပိုကောင်းလိမ့်မယ် လို့ ကျနော်ကတော့ ထင်မြင်ချက်ပေးပါတယ်။”
မေး။ ။ အခု ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ အာဆီယံကလည်း ပါလာပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာဆိုရင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားတာလည်းရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲရှင့်။
“အသွင်မတူတဲ့သူတွေ အမြင်မတူတဲ့အခါကျတော့ ဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိခဲ့တဲ့ဟာတွေ ဒီအပေါ်မှာ ကျနော်တို့ အမှားအယွင်းတွေဖြစ်ရအောင် အစိုးရတရပ်အနေနဲ့။ ဒါက အာဆီယံအသိုင်းအဝိုင်းတွေဖြစ်တယ် ၊ အမှားအယွင်းမရှိအောင်ပေါ့ဗျာ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းသွားကြမယ်ဆိုရင်တော့ ဒီကိစ္စတွေက အမြန်ဆုံးပြေလည်လာပါလိမ့်မယ် အေးချမ်းသွားပါလိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။”
မောင်တောအကြမ်းဖက် စုံစမ်းရေးကော်မရှင်အဖွဲ့မှာ သက်ဆိုင်ရာ ကဏ္ဍအလိုက်မှာ လုပ်သက်ရင့်သူတွေအပါအဝင် တိုင်းရင်းသူ အမျိုးသမီးအမတ်တဦး၊ တိုင်းရင်းသား အမျိုးသား အမတ်တဦးနဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ခေါင်းဆောင်တဦး စုစုပေါင်း ၁၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ကော်မရှင်ရဲ့ အဓိကရည်ရွယ်ချက်ဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှုရဲ့ နောက်ခံအခြေအနေတွေနဲ့ အဖြစ်မှန်ပေါ်ပေါက်စေရေးအပါအဝင် နောက်အလားတူဖြစ်စဉ်မျိုး ထပ်ပြီး မဖြစ်ပွားဖို့ အစိုးရဘက်က ဘာတွေဆောင်ရွက်ဖို့ လိုအပ်သလဲအတွက် လေ့လာတွေ့ရှိချက်တွေကို ၂၀၁၇ခုနှစ် ဇနန်ဝါရီလ (၃၁)ရက် အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။
ဒီအတောအတွင်း နယူးရောက်အခြေစိုက် HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မီးလောင် ဂြိုလ်တုကတဆင့်ရယူတဲ့ ဓါတ်ပုံတွေအပြင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေအရ ရခိုင်ပြည်နယ် မောင်တောဒေသက မွတ်စလင်ကျေးရွာတွေ မီးလောင်မှုမှာ စစ်တပ်မှာသာ တာဝန်ရှိကြောင်း အောက်တိုဘာလ (၉)ရက်နေ့ကစပြီး အိမ်ခြေ ၁၅၀၀ လောက် မီးလောင်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်ပေါင်းများစွာ အိုးအိမ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။
လက်ရှိ မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်တဲ့ အဖွဲ့ဝင်တွေအနေအထားကို ကြည့်ခြင်းအားဖြင့် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ဖို့ အလားအလာနည်းကြောင်းနဲ့ အစိုးရအနေနဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ဖို့ ကုလသမဂ္ဂရဲ့ အကူအညီကို တောင်းခံသင့်တဲ့အကြောင်း HRW ရဲ့ကြေညာချက်မှာ အကြံပြုထားပါတယ်။