သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမန်ဒုက္ခသည် နေရပ်ရင်း အတင်းပြန်ခိုင်း


အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင်ရထားပြီးသား ရခိုင်ပြည်နယ်တွင်းက ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို လူဝန်မှုကြီးကြပ်ရေးဌာနကနေ နေရပ်ရင်းကို ပြန်ခိုင်းနေပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရခိုင်လူမျိုးနဲ့ ကမန်လူမျိုး တိုင်းရင်းသားတွေထဲက နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသား လူ ၂၀ ကျော်ဟာ ကျောင်းတက်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရပ်ကနေ ထွက်ခွာလာခဲ့ပြီး ရန်ကုန်ကို ရောက်ရှိလာခဲ့တာ ၁ လခန့် ရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကို လူဝန်မှုကြီးကြပ်ရေး ဌာနဆိုင်ရာက တာဝန်ရှိသူတွေက နေရပ်ရင်းကို ပြန်ခိုင်းနေတယ်လို့ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။

“ဒီလူတွေကို ပြန်လွှတ်တယ်ဗျ။ ဘာကြောင့် ပြန်လွှတ်လဲဆိုတော့ တာမွေမြို့နယ်မှူးတို့၊ မရမ်းကုန်းမြို့နယ်မှူးတို့၊ သူတို့ကပေါ့ဗျာ တိုင်းဦးစီးက ခိုင်းတဲ့အခါ မြို့နယ်အဆင့်တွေက ဘာပြောလဲဆိုတော့ ဒီလူတွေကို ပြန်လွှတ်တော့မယ်ပေါ့နော်။ camp ထဲမှာ သတင်းမပို့လို့တဲ့ ဟ ခင်ဗျားက သတင်းပို့ရလောက်အောင် ကျုပ်တို့က အကျယ်ချုပ် ကျနေတာမှ မဟုတ်ဘဲလို့။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း ဒီလူတွေ မှတ်ပုံတင် ပေးထားတာလည်း အများကြီးပဲလို့။ အဲဒီမှာ ကျောင်းသားတွေ ပါတယ်ဗျာ။ ကျောင်းမတက်ရတာ ဆယ်တန်းအောင်ပြီး ၄ နှစ်ရှိပြီလို့။ ဂုဏ်ထူး ၃ ဘာသာ၊ ၄ ဘာသာ ပါတဲ့ကလေးတွေ ၄ နှစ်ရှိပြီ။ စာမသင်ရတာ။ နောက်တခါ အလုပ်အကိုင်လုပ်နိုင်တဲ့ ကျန်းမာရေးသန်စွမ်းတဲ့ ကလေးတွေကလည်း ယောကျာ်းလေးတွေကလည်း ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်ဗျာ။ ဒီလူတွေလည်း အဲဒီစခန်းထဲမှာ တနေ့ကို ဆန်တဗူးနဲ့ တလကို ဆီတပုလင်းနဲ့ ဒါနဲ့ပဲ နေလာတာလည်း ၄ နှစ်ကျော်ပြီ။ အစိုးရကိုလည်း ကျနော်တို့ တင်ပြတာ၊ တင်ပြတာ၊ တင်ပြတာ ဆိုရင် တင်ပြတာပဲ အဖတ်တင်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ကျနော်တို့က ပြစ်မှုတစုံတရာ ကျူးလွန်ပြီးတော့ အိမ်တွေ၊ ယာတွေ အကုန် မီးရှို့ဖျက်ဆီးခံရပြီးတော့ တခါ ကျနော်တို့ကို စခန်းထဲ ထည့်ရလောက်အောင် ကျနော်တို့က ဘင်္ဂါလီ မဟုတ်ဘူး။ ကျနော်တို့က တိုင်းရင်းသားတွေ။ ခိုးလာတာမဟုတ်ဘူး။ ရမ်းဗြဲကနေ သံတွဲကို ကားစီးတယ်။ သံတွဲကနေ လေယာဉ်ပျံနဲ့ ရန်ကုန်ကို လာကြတာ။”

ရန်ကုန်ကို ရောက်လာသူတွေထဲမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမန် အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပြီး သူတို့တွေဟာ အရင်က အိုးအိမ်တွေရှိခဲ့ပေမဲ့ ပဋိပက္ခတွေအတွင်း မီးရှို့ဖျက်ဆီးခံ လိုက်ရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းမှာ နေထိုင်စရာ အိုးအိမ်တွေလည်း ပျက်စီးနေပြီဖြစ်သလို စားသောက်ရေး ခက်ခဲနေတဲ့အတွက် လဝက က ပြန်ခိုင်းပေမဲ့ ပြန်မှာမဟုတ်ဘူးလို့ ရခိုင်ဗုဒ္ဓဘာသာဝင်ေ ဒါ်ဆိပ်ကေ က ဆိုပါတယ်။

“သူတို့ ပြန်ခိုင်းပါစေ။ ကျမတို့ မပြန်ဘူး။ အရင်က အိမ်ရှိတယ် ကျမတို့မှာ အရေးအခင်းမဖြစ်ခင်က။ ဒီလို မီးရှို့ ဒုက္ခသည်တွေ အိမ်မရှိတော့ဘူး။”

ဒီလူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီကတော့ နိုင်ငံတော်က တာဝန်ရှိသူတွေကို တရားဝင် စာပို့ထားတယ်လို့ ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။

“ကျနော်တို့ တာဝန်ယူပါတယ်။ တာဝန်ခံပါတယ်ဆိုပြီး ကျနော်က ပါတီကစာနဲ့ တရားဝင် စာပို့တယ်ဗျ။ ဒါလည်း မပြီးသေးဘူးဗျ။ ကျနော်တို့ကို တခါ ဒီလူတွေ ဘယ်မှာနေလဲ။ လိပ်စာတွေ၊ ဘာတွေ မေးတယ်ဗျာ။ မိတော့တခါ ကျနော်တို့ကလည်း တိုင်းရင်းသားပဲ။ ဘာကြောက်စရာရှိသလဲ ဒါ ကျနော်တို့ နိုင်ငံပဲလေ။ လဝက က နေ့တဓူ၀ မေးလာတဲ့အခါ ခင်ဗျားတို့ ဒီလောက် အရေးတကြီးဖြစ်အောင် ဘာကြောင့် မေးရတာလဲလို့။ ကျနော်က မေးတဲ့အခါ သူတို့က သူတို့ ပြန်လွှတ်မယ်လို့ ပြောတယ်ခင်ဗျ။ ဟ ခင်ဗျားတို့ ဒါ ဥပဒေကို ချိုးဖောက်တာပဲ။ နိုင်ငံသားတယောက်ကို အဲ့လို လုပ်ပိုင်ခွင့်ရှိသလားလို့ မေးတဲ့အခါ အခု နိုင်ငံတော်သမ္မတကြီးကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း လဝက ဦးစီးကိုရော ကျနော်တို့ တရားဝင် စာတင်ထားပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ နေရပ်ရင်းကို ပြန်ခိုင်းတဲ့ လဝက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခုလက်ရှိ ရန်ကုန်ကိုရောက်ရှိလာကြတဲ့ ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းက လာကြသူတွေဟာ မကြာသေးခင်က နေပြည်တော်ကပြုလုပ်ပေးတဲ့ မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိထားသူများ ဖြစ်တယ်လို့လည်း ပြောပြကြပါတယ်။

XS
SM
MD
LG