သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြမ်းဖက်မှုအခြေအနေ Kofi Annan စိုးရိမ်


ရခိုင်ပြည်နယ်မှာ လက်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌလဲဖြစ်တဲ့ မစ္စတာကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်ခရီး သွားရောက်နေတဲ့ ကာလမှာ အခုလို ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်လက်တင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မိကြောင်း ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာဖြစ် တယ်လို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအေးလွင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ဂျနီဗာကနေ Statement ထုတ်တာ၊ ကျနော်တို့ ကော်မရှင်ဥက္ကဌ ကိုဖီအာနန်ကနေ Statement ထုတ်တာပါ။ ဒီလိုအကြမ်းဖက်မှုကို မလိုလားဘူး စိုးရိမ်တဲ့ အကြောင်း၊ နောက်ထပ် မဖြစ်စေချင်ဘူး၊ နောက်ကို မဖြစ်အောင် လုပ်ဖို့အတွက် တိုက်တွန်းတယ်ပေါ့ဗျာ။ ပြီးတော့ ရခိုင်ပြည်နယ်ကြီး အေးချမ်း သာယာရေးအတွက်ကို အကြံကောင်း အဉာဏ်ကောင်းပေးနိုင်ရအောင် ကျနော်တို့ အကြံပေးအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကိုလည်း ဆက်ပြီးလုပ်သွားပြီးတော့ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးသွားမယ်ပေါ့ဗျာ အဲဒါပါ …”

လက်ရှိ အကြမ်းဖက်မှုတွေဟာ ရခိုင်ပြည်နယ်မှာ နောက်ထပ်တဖန် မတည်ငြိမ်ဖြစ်လာစေဖို့ လမ်းကြောင်းပေးနေသလို၊ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ပြေးကြ ရမယ့် အခြေအနေသစ်တွေ ထပ်မံပေါ်ပေါက်လာစေဖို့ ဖန်တီးနေသလိုဖြစ်နေကြောင်း၊ လူမှုအသိုင်းအဝိုင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရ မှာဖြစ်ပြီး အာဏာပိုင်တွေဘက်ကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ ကိုဖီအာနန်က သူ့ ကြေညာချက်မှာ တိုက်တွန်းထားတာဖြစ်ပါတယ်။

လတ်တလော စစ်တွေမြို့ကိုရောက်နေတဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ဦးဟာ နိုဝင်ဘာ ၁၅ ရက် မနေ့တုန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ရော ပြည်နယ်ဥပဒေချုပ်နဲ့ပါ တွေ့ဆုံခဲ့ပြီး ဆွေးနွေးကြားနာတဲ့ အကြောင်းတွေကို အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“အဓိကကတော့ လတ်တလော အခြေအနေ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြတာပေါ့ဗျာ။ သတင်းစာတွေမှာ ပြောတဲ့အတိုင်းပဲ သူတို့ပြောပါတယ်။ ဘယ်လို ဘယ်လို ဖြစ်နေသလဲဆိုတာ၊ ဟို မောင်တောက ကိစ္စကို”

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ နိုဝင်ဘာ ၁၆ ဒီကနေ့မှာတော့ စစ်တွေမြို့တဝိုက် ကျေးရွာတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပြီး ရခိုင်နဲ့ မူဆလင် လူမှုအသိုင်းအဝိုင်းက နှစ်ဖက် ရပ်မိရပ်ဖတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံစကားပြောဆိုဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့က ရခိုင်ကျေးရွာတွေ သွားမယ်၊ ဟို မွတ်ဆလင်ကျေးရွာတွေ သွားမယ်။ မွတ်ဆလင် I.D.P စခန်းတွေသွားမယ်၊ ရခိုင်ဖက်က I.D.P စခန်းကိုလဲ သွားပါမယ်။ ကျနော်တို့ ဒီစစ်တွေပတ်ဝန်းကျင်ကပါ။ ကျနော်တို့က စစ်ဆေးတဲ့သဘော မဟုတ်ဘူး၊ လူတွေနဲ့ သွားတွေ့ပြီး သူတို့ပြောတာ နားထောင်ဖို့ပါ။ မောင်တောကိုတော့ မသွားဖြစ်ပါဘူး။”

အခုခရီးစဉ်အတွင်း ဒီရက်ပိုင်းမှာ ပဋိပက္ခတွေ တကျော့ပြန် ပြင်းထန်လာနေ တဲ့ မောင်တောဒေသ ဘက်ကိုတော့ လုံခြုံရေး အခြေအနေအရ သွားရောက် ကြည့်ရှုနိုင်တော့မှာ မဟုတ်ဘူးလို့ ဦးအေးလွင်က ပြောပါတယ်။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း စစ်တပ်နဲ့ရဲ လုံခြုံရေးတွေက နယ်မြေရှင်းလင်းရေး လုပ်စဉ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြစ်တင်နေချိန်လည်း ဖြစ်ပါတယ်။

အကြံပေးကော်မရှင်ရဲ့ ၃ ရက်ကြာ ရခိုင်ခရီးစဉ်အတွင်း ကော်မရှင်ဥက္ကဌ ကိုဖီအာနန်နဲ့ လက်ဘနွန် ယဉ်ကျေးမှုဝန်ကြီးဟောင်း Ghassan Salamé တို့ ၂ဦးကလွဲပြီး နယ်သာလန် အမျိုးသမီး သံအမတ်ဟောင်း Ms Laetitia van den Assum နဲ့ မြန်မာအဖွဲ့ဝင် ၆ ဦးဖြစ်တဲ့ ဦးဝင်းမရ၊ ဒေါက်တာသာလှရွှေ၊ ဦးအေးလွင်၊ ဒေါက်တာ မြသီတာ၊ ဦးခင်မောင်လေး၊ ဒေါ်ခင်စောတင့်တို့ ၇ ဦး သွားရောက် ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက လက်ရှိဖြစ်ပွားနေတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း အောက်တို ဘာလ ၉ ရက် နေ့ကနေ ၁ လကျော်ကြာလာတဲ့ ဒီကနေ့အချိန်ထိ မြန်မာ့တပ်မတော်က ယာယီတပ်ရင်းမှူး တဦးအပါအဝင် စစ်သည် ၇ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရသလို၊ ဘင်္ဂါလီ ၆၉ ဦး သေဆုံးပြီး၊ အရှင်ဖမ်းမိသူ ၂၃၄ ဦးရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ်အတွင်း မနေ့တုန်းက တပ်မတော်ရဟတ်ယာဉ်နဲ့ စစ်ဆေးစဉ်မှာ အကြမ်းဖက်စီးနင်းသူတွေက ရေခပ်ချောင်း ဂွဆုံကျေးရွာမှာ လူနေ အိမ် ၁၇ လုံး မီးလောင် ဖျက်ဆီးခဲ့ကြောင်း၊ ဒီအတောတွင်း နိုဝင်ဘာ ၁၂ ရက်က ဝက်ပြင်ကျေးရွာ ကို ဘင်္ဂါလီ ၄ ဦးနဲ့ အောင်မင်္ဂလာကျေးရွာနဲ့ သဲချောင်း ကျေးရွာတွေမှာ မသင်္ကာဖွယ် ဘင်္ဂါလီ ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG