သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ်မှာ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ


စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့အနားမှာ လမ်းလုံခြုံရေးယူနေတဲ့ မြန်မာ့ တပ်မတော်ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ AA တာဝန်ရှိသူ တွေနဲ့ တပ်မတော်တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ တပ်မတော်ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့လည်း ကျောက်တော် ဒေသခံမျက်မြင်တွေက ပြောပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ် ပြိုင်တိုင်းကျေးရွာ အနီးမှာ ဖြစ်ပွါးတဲ့ ၂ ဘက်တိုက်ပွဲကြောင့် ကျေးရွာသား(၇၀၀)နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးပြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့တောင်ဘက် ၅ ဖါလုံခန့်အကွာ ကျောက်တော်-စစ်တွေ ကားလမ်းမပေါ် ဒီကနေ့မနက် မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တပ်မတော်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီနေ့လည်း တိုက်ပွဲဖြစ်ပွါးတာ ရှိတယ်။ အဲဒီကျောက်တော်ရဲ့ အနားမှာ ရန်သူယာဉ်တန်းကို ကျနော်တို့ဘက်က ကြားဖြတ် တိုက်ခိုက်တာရှိတယ်။”

လမ်းလုံခြုံရေးယူနေတဲ့ တပ်မတော်စစ်ကြောင်းကို AA အဖွဲ့ကနေ လက်လုပ်မိုင်းနဲ့ ဖေါက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု မရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီအတိုင်း ချီတက်နေတဲ့ စစ်ကြောင်းကို ကျောက်တော် စစ်တွေလမ်းဘေးမှာ မိုင်းခွဲတာပေါ့ခင်ဗျာ။ အများ သူငါသွားတဲ့ လမ်းပေါ့ဗျာ။ ဒေသန္တရ လက်လုပ်မိုင်း (၂) လုံး။ ဘယ်သူ့ လက်ချက်ရမှာလည်း AA ပေါ့ဗျာ။ ဘာမှတော့ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး။”

ဒီကနေ့မနက် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့တဲ့ ကျောက်တော်မြို့ခံ တဦးက ပြောပါတယ်။

“ကျောက်တော်မြို့နဲ့ ကပ်လျှက်ပေါက်ကွဲမှု ဖြစ်တယ်လေ။ အစိုးရတပ်ပိုင်းက တချို့ဒဏ်ရာရတယ်။ ကျနော်သွားတုန်းကတော့ လမ်းမအောက်က မြောင်းမှာ တပ်မတော်သား ရာချီပြီး နေရာယူတယ်လေ။ ဒဏ်ရာ ရသူတချို့ကိုလည်း ဆေးကုတာကို မြင်ခဲ့တယ်ဗျ။”

အခုလို ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကျောက်တော်မြို့တွင်း ဒေသခံတွေ စိုးရိမ်မှုတွေ ဖြစ်ပွါးနေတယ်လို့ သူကဆိုပါတယ်။

ဒီရက်ပိုင်းတွေမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ် လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“မနေ့ကတော့ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်က အဲဒီမီးချောင်းတံတားအနားမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ ပြိုင်တိုင်းနဲ့တော့ နီးတာပေါ့။ (၅) ရက်နေ့မှာတော့ ပုဏ္ဏားကျွန်းမြို့နယ် ပျဉ်တိုးရွာရဲ့ အနောက်ဘက်မှာ ထိုးစစ်ဆင်လာတဲ့ ဗမာစစ်တပ်က စစ်ကြောင်းတွေနဲ့ ကျနော်တို့ ရခိုင့်တပ်တော်က တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာပဲ ရန်သူဘက်ကတော့ (၄) ဦး ကျဆုံးပြီးတော့ ဒဏ်ရာရသွားတဲ့ ဥစ္စာတွေလည်း ရှိတယ်ဗျ။ မေလ (၄) ရက်နေ့ကလည်းပဲ ကျောက်တော်မြို့နယ် သစ်တ ပုံရွာရဲ့ အရှေ့မြောက်ဘက်မှာ ရန်သူအင်အား (၁၀၀) လောက်နဲ့ နေပြီးတော့ ကျနော်တို့ ရခိုင့်တပ်တော်က တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။”

မနေ့ကကျောက်တော်မြို့နယ် ပြိုင်တိုင်းကျေးရွာမှာ ဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် ပြိုင်းတိုင်းကျေးရွာသား (၇၀၀) နီးပါး အနီးနားရွာဖြစ်တဲ့ ကွမ်းဇွဲကျေးရွာမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကျောက်တော် လူမှုအကူညီပေးရေးအဖွဲ့ ကိုကျော်လှမြင့်က ပြောပါတယ်။

“မနေ့ကကုလားတန်မြစ်ရဲ့အရှေ့ဘက် ပြိုင်တိုင်းရွာပေါ့။ အဲဒီရွာမှာ မနက်ပိုင်း (၉) နာရီကျော်က (၁၁) နာရီအထိ တခေါက် ဖြစ်တယ်။ ပစ်ခတ်မှုတွေတော့ ညနေပိုင်း (၆) နာရီကလည်းတခေါက် ဖြစ်တယ်တဲ့။ အဲတာနဲ့ ရွာသားတွေကတော့ ဒီချောင်းအ နောက်ဘက်က ကွမ်းဇွဲကျေးရွာကို စစ်ရှောင်ဒုက္ခသည်အဖြစ် ရောက်နေကြပါတယ်။ လူဦးရေ (၆၀၀)၊ (၇၀၀) ရောက်နေကြပြီးလို့ ပြောပါတယ်။”

ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ မှန်ပေမဲ့ သာမန် ထိတွေ့မှုတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ ထိခိုက်မှုတွေ ရှိလာနေတာပါ။

နှစ်ဘက်စစ်ရေး ပဋိပက္ခအတွင်း ရခိုင်ပြည်နယ်မြို့နယ် (၆) မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ (၃၈၀၀၀) ရှိနေပြီးလို့လည်း စစ်တမ်းကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးကနေ ဒီကနေ့မှာ စာရင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG