သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူဒုက္ခသည်များ နေရပ်ပြန်လို


ကျောက်ဖြူဒုက္ခသည်များ
ကျောက်ဖြူဒုက္ခသည်များ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တခုထဲကျန်တော့တဲ့ ကယ်ဆယ်ရေးစခန်း မှာ နေထိုင်နေရသူတွေက သူတို့ရဲ့ မူရင်းနေရာတွေမှာ ပြန်နေချင်ကြတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူကတော့ အဲဒီလိုပြန်နေနိုင်ဖို့ရာ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။ အဲဒီကယ်ဆယ်ရေးစခန်းကို ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်း သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ကျောက်ဖြူမြို့ပေါ်က ရပ်ကွက်တခုမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေဖြစ်ပြီးတဲ့နောက် တာဝန်ရှိသူတွေကနေ နှစ်ရက် သုံးရက် တိမ်းရှောင်ခိုင်းခဲ့လို့ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းထဲကို လူပေါင်း ၁,၅၀၀ ကျော် ရောက်သွားခဲ့တာပါ။ အခုတော့ စခန်းမှာ လူပေါင်း ၁,၁၀၀ ကျော် ဆက်ရှိနေသေးပြီး စခန်းမှာပဲ နေထိုင်လာကြရတာ ၅ နှစ်နီးပါး ရှိနေပါပြီ။

အဲဒီလူတွေဟာ ကျောက်ဖြူမြို့ပေါ် သမ္ဗာန်ချောင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အရာရှိရပ်ကွက်၊ တိုးချဲ့ရပ်ကွက် စတဲ့ မြို့ပေါ် ရပ်ကွက်အသီးသီးမှာ နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်လုပ်ကိုင်လာကြတဲ့ ကျောက်ဖြူဒေသခံတွေပဲဖြစ်ကြပြီး အခုလဲ သူတို့ရဲ့ မူရင်းနေရာတွေမှာပဲ ပြန်နေခွင့်ရဖို့ အများစုက ဆန္ဒရှိကြပါတယ်။

ဒီထဲမှာ တပ်မတော်သားအဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ တပ်ကြပ်အဆင့်နဲ့ အငြိမ်းစားယူပြီးတဲ့ နောက် ကျောက်ဖြူမြို့ပေါ်မှာ ပဲ တောက်လေ ျှာက်နေထိုင်လာသူ အသက် ၆၇ နှစ်အရွယ် ဦးစိုးမြင့်လဲ အပါအဝင်ပါ။

“ကိုယ့်အရပ်ဒေသ ကိုယ့်နေရာကိုယ် ရောက်ချင်တဲ့ဆန္ဒရှိတယ်။ ကျနော်တို့ မိမိအိမ်၊ မိမိခြံထဲမှာ နေချင်တယ်။ ဒီနေရာနေချင်တဲ့ ဆန္ဒလုံးဝမရှိဘူး လူတိုင်းလူတိုင်း။ ဒီနေရာရောက်လာတာက ရခိုင်ပါတီအဖွဲ့က လုပ်တာလား၊ နိုင်ငံတော်အစိုးရက လုပ်တာလားဆိုတာ အားလုံးသိချင်တယ် ကျနော်တို့။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တာဝန်ရှိသူတွေ ဒီစခန်းကော်မတီနဲ့တွေ့ဆုံ ဆွေးနွေးခဲ့ချိန်တုန်းကလဲ သူတို့ မူလနေထိုင်ခဲ့တဲ့နေရာတွေမှာ ပြန်နေထိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ ဝန်ကြီးက တိကျတဲ့ အဖြေ မပေးသွားပါဘူး။

တခါ ဒီလ ၈ ရက်နေ့ကပဲ စခန်းကော်မတီနဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး တွေတွေ့ပြီး ဆွေးနွေးကြပါသေးတယ်။ တာဝန်ရှိသူတွေဘက်က စခန်းတွင်းနေသူတွေအနေနဲ့ ကိုယ့်အိမ်ကိုယ်ယာပြန်နေဖို့အဆင်မပြေသေးကြောင်းပြောပြီး ဘက်နှစ်ဘက်ကြားမှာ နွေးထွေးမှုမရှိသေးတာကြောင့်လို့ အကြောင်းပြတဲ့အကြောင်း လက်ရှိ စခန်းကော်မတီဥက္ကဌ ဦးဖြူချေက ပြောပါတယ်။

“တဦးနဲ့ တဦးပေါ့ စိတ်ပေါ့ ကျနော်သူငယ်ချင်းက ရခိုင်၊ ကျနေ်ာက အစ္စလာမ် ဘာသာဝင်ဖြစ်နေတယ်။ ကျနော်တို့ IDP မှာရောက်နေတယ် ကျနော်သူငယ်ချင်းနဲ့ ကျနော် နှစ်ယောက်ချင်းတွေ့တဲ့အချိန်မှာ အဆင်ပြေတယ်။ ဒါပေမယ့် ကျနော်သူငယ်ချင်းသည် Group တခုနဲ့ သွားနေတဲ့အချိန် ကျနော်နဲ့ တွေ့တဲ့အချိန်မှာ အဆင်မပြေဘူး။ အဲလိုနွေးထွေးမှုတွေကတော့ မရှိသေးဘူး ၊နွေးထွေးမှုတွေ တည်ဆောက်ရမယ်လို့တော့ပြောတယ်။”

စခန်းထဲမှာ လက်ရှိနေနေရသူတွေက တောင်းဆိုထားတဲ့အတိုင်း မူလနေရာတွေမှာ ပြန်နေခွင့်ရဖို့ဆိုတာကတော့ မဖြစ်နိုင်သေး ဘူးလို့ ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မှူး ဦးညီညီလင်းက ပြောပါတယ်။

“သူတို့တောင်းဆိုနေတဲ့ မူလနေရာဆိုတာကတော့ လောလောဆည်ကတော့ ယုံကြည်မှု တည်ဆောက်ဖို့တော့လိုမယ်၊ မဖြစ်နိုင်သေးဘူးပေါ့လေ။ မဖြစ်နိုင်ဘူးဆိုတော့ ဒီအတိုင်းသူတို့ စခန်းမှာနေဖို့ကလည်း သူတို့လူမှုဘဝအတွက်လည်း မကောင်းဘူးပေါ့နော် အဲဒါကြောင့် သူတို့က သူတို့ဘာသာသူတို့ ကျနော်တို့က သူတို့ကို အဲဒီမှာပဲ Life Style လေးတွေဖြစ်သွားအောင် ဒီမှာပဲ သူတို့ကို အကွက်လေးတွေရိုက်ပေးမယ်၊ အိမ်ဆောက်ပေးမယ်၊ ရေမီး မိလ္လာစသဖြင့်အကုန်လုံး ကျနော်တို့ စီစဉ်ပေးမယ်။ ဒီဘက်မှာလည်း စသဖြင့် ကျနော်တို့က ရခိုင်တိုင်းရင်းသားတွေဆိုရင်လည်း ပြီးခဲ့တဲ့ ၂၇-၂၈ - ၂၉ ရက်နေ့က ရခိုင်က ကယ်ဆယ်ရေးစခန်းတွေကို တနေရာရွှေ့လိုက်တာပေါ့။ သူတို့လည်း အဲလိုမျိုးပဲ ကိုယ့်ဘဝကိုပေါ့နော် မိသားစုဘဝလေးတွေဖြစ်သွားအောင်ဆိုပြီး လုပ်ပေးတာပါ။ သူတို့ကိုလည်း လုပ်ပေးဖို့ ကျနော်တို့ကတော့ ပြောတယ်။ ပြောသော်လည်း သူတို့က လက်မခံဘူးပေါ့လေ သူတို့မူလနေရာ ကိုပဲပြောတယ်။ ဆိုတော့မူလနေရာကတော့ ယုံကြည်မှုကတော့ လိုဦးမယ်ထင်တယ်။”

သူတို့အတွက် အခုလက်ရှိနေရာမှာပဲ ပြန်ပြီး အခြေစိုက်နေထိုင်နိုင်အောင် စီစဉ်လုပ်ဆောင်ပေးဖို့ လျာထားပြီး လွန်ခဲ့တဲ့ သီတင်း ပတ်က စခန်းကော်မတီနဲ့ သီးခြားခေါ်တွေ့ပြီးတော့ ပြန်လည်နေရာချထားရေးကိစ္စ ပြောဆိုခဲ့တဲ့အကြောင်း၊ စခန်းကော်မတီက စခန်းတွင်းမိသားစုတွေနဲ့ ပြန်ဆွေးနွေးဖို့ ပြောထားတဲ့အဆင့်မှာရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောပါတယ်။ ဒီလူတွေအနေနဲ့လဲ နိုင်ငံသားစိစစ်မှုခံယူပြီးတဲ့နောက် ဥပဒေနဲ့အညီ တခြားလူတွေနဲ့တန်းတူ အကာအကွယ် အပြည့်အဝရမယ်လို့ လဲ အုပ်ချုပ်ရေးမှူးက အာမခံပြောဆိုပါတယ်။

အခုဆိုရင် ဒီစခန်းကိုရောက်ပြီးတော့မှပဲ စခန်းတွင်းမှာမွေးဖွားတဲ့ ကလေးငယ်အရေအတွက် ကိုက ၁၀၀ ကျော်ရှိနေပါပြီ။ ဒီလူတွေ အားလုံးကို ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့က အကူအညီပေးထားပေမဲ့လဲ သိပ်မကြာခင်မှာ ပဲ သူတို့ကိုထောက်ပံ့နေတဲ့ ရိက္ခာအရေအတွက်ကို ထက်ဝက်လေ ျှာ့ချတော့မယ်လို့ ပြောထားတဲ့အကြောင်း စခန်းကော်မတီ ဥက္ကဌက ပြောပါတယ်။

ကျောက်ဖြူမှာရှိခဲ့တဲ့ နောက်စခန်းတခုက လူတွေကိုတော့ သိပ်မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ မြို့ပေါ်အရပ်တခုမှာ အိမ်တွေဆောက်ပြီး ပြန်လည် နေရာချ ထားပေးခဲ့ပြီး စခန်းကိုလဲ ပိတ်လိုက်ပြီးဖြစ်ပါတယ်။ ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ် အခြေအနေဆိုင်ရာ အကြံပေးကော်မရှင်က ပိတ်ဖို့အကြံပေးထားတဲ့ စခန်းတွေထဲမှာတော့ ကျောက်ဖြူမြို့က ဒီ ကျောက်တလုံးကယ်ဆယ်ရေးစခန်း မပါဝင်ပါဘူး။

ကျောက်ဖြူဒုက္ခသည်များ နေရပ်ပြန်လို
please wait

No media source currently available

0:00 0:04:34 0:00
တိုက်ရိုက် လင့်ခ်
ကျောက်ဖြူဒုက္ခသည်စခန်းနဲ့ ပြန်လည်နေရာချထားရေး
please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG