သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ် ညမထွက်ရ အမိန့်ထုတ်


ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်း မီးလောင် ပျက်စီးသွားသော လူနေအိမ်တချို့ မြင်ကွင်း။
ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်း မီးလောင် ပျက်စီးသွားသော လူနေအိမ်တချို့ မြင်ကွင်း။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား အခြေအနေ တင်းမာနေဆဲ ဖြစ်တာကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ကျောက်တော်မြို့မှာ သြဂုတ်လငါးရက်နဲ့ ခြောက်ရက်နေ့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကြောင့် နှစ်ဘက် အပြန်အလှန် အိမ်တွေမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် ကြိုတင် ကာကွယ်တဲ့သဘောနဲ့ အခုလို ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကျောက်တော်မြို့မှာ ဒီကနေ့ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ပြောနိုင်ပေမယ့်လည်း ပြီးခဲ့တဲ့ သြဂုတ်လငါးရက်နဲ့ ခြောက်ရက်နေ့တွေက ဖြစ်သွားခဲ့တဲ့ အရှိန်ကြောင့် နှစ်ဘက် တင်းမာမှုတွေ ကတော့ ရှိနေဆဲပါ။

ဒါကြောင့်လည်း လက်ရှိအခြေအနေမှာ ဆူပူ အုံကြွမှုတွေ ဖြစ်မနေပေမယ့်လည်း ကြိုတင် ကာကွယ်တဲ့အနေနဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် မနေ့ညကစပြီး ထုတ်ပြန်ထားတယ်လို့ ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သက်လို့ အစိုးရသတင်း ထုတ်ပြန်ကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ ထုတ်ထားပါတယ်။ အခြေအနေ ဆိုးလာလို့ မဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့သဘောပါ။ အခုကလည်း မမျှော်လင့်ဘဲနဲ့ ဖြစ်တာကိုး။ အဲဒီရွာတွေက လည်း ကျောက်တော်နဲ့ နည်းနည်းလှမ်းတယ်။ ပြောတော့သာ ကျောက်တော်လို့ ပြောပေမဲ့ လို့လေ-ဖြစ်တဲ့နေရာက ကျောက်တော်နဲ့ အလှမ်းဝေးလို့ မင်းပြားနယ်စပ်နား ရောက်နေလို့၊ တခြားမြို့နယ်တွေတော့ အခြေအနေကောင်းနေပါတယ်။ အဲဒါတွေကလည်း သူတို့တွေက သွားစတယ်လို့ ပြောတယ်။ လေးရက်နေ့မှာ သူတို့က ရခိုင်ရွာတွေကို သွားစတယ်။ ငါးရက်နေ့ မနက်အထိ ရခိုင်တွေက ဘာမှ ပြန်မလုပ်ဘူး။ ငါးရက်နေ့ ညကျမှ ပြန်လုပ်တယ်လို့တော့ သတင်းရထားတယ်ခင်ဗျ။”

ဇွန်လအတွင်း ရခိုင်ပြည်နယ်တဝှမ်းမှာ ဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေ၊ နှစ်ဘက် အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေဟာလည်း အစိုးရဘက်က ကိုင်တွယ် ဖြေရှင်းမှု နှောင့်နှေးမှုကြောင့်၊ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိတဲ့အတွက်ကြောင့်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန် ထောက်ပြ ပြောဆိုခဲ့ကြတာပါ။

အစိုးရဘက်ကတော့ အရင်ကတည်းက ဆူပူမှုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ခရိုင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကျောက်တော်မြို့မှာ အခု ရုံးထိုင်ပြီး ကြီးကြပ် ကွပ်ကဲနေတယ်လို့ ဦးဝင်းမြိုင်က ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ ခြောက်လပိုင်းကတည်းက ဖြစ်မယ်လို့ ထင်တော့ ကျနော်တို့တွေ ကြိုပြီးတော့ ကာထား တာတွေလည်း ရှိတယ်။ နောက်ပိုင်းတော့ အဲဒီဘက်တွေက ဘာမှမဖြစ် လာဘူးဆိုပြီး အေးအေးဆေးဆေးပဲဆိုပြီး နေလိုက်တာ။ ငါးရက်နေ့ဖြစ်ပြီး ခြောက်ရက်နေ့မှာပဲ ကျနော်တို့ဆီက ခရ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ကျောက်တော်မှာ သွားထိုင်တယ်လေ။ အဲဒီဘက်က လုံခြုံရေးအဖွဲ့တွေရော၊ စားနပ် ရိက္ခာပို့တာတွေကိုရော၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် ဖို့ တွေကိုရော တခါတည်း ပို့ထားပေးတယ်။”

လက်ရှိအခြေအနေမှာလည်း နှစ်ဘက် ယုံကြည်မှုမရှိ ဖြစ်နေတဲ့အတွက် အခုလို ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ကျောက်တော် ဒေသခံတဦးက ပြောပါတယ်။

“အန္တရာယ်တခုခုဖြစ်နိုင်တဲ့အတွက် သူတို့က ကြိုပြီးတော့ လုပ်တဲ့သဘောမျိုး သက်ရောက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင်တော့ ရခိုင်တွေဘက်ကတော့ ဒီ ဘင်္ဂါလီတွေကို မယုံရတဲ့အတွက် သင်္ကာမကင်းတော့ ရှိပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထား မဟုတ်တဲ့အတွက် သူတို့ရဲ့ အကြံအစည်တွေကို နည်းနည်းစိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ တပ်အင်အားကတော့ လုံခြုံရေးအတွက် အများကြီးလိုပါတယ်။”

အခုတော့ ကျောက်တော်မြို့ကို ကူညီရေးပစ္စည်းတွေ ရောက်လာတာကို တွေ့ရတယ်လို့လည်း အဲဒီ ဒေသခံကပဲ ဆက်ပြောပြပါတယ်။

“ဒီနေ့အနေအထားကတော့ အေးအေးဆေးဆေးပါပဲ။ ဒုက္ခသည်တွေ အတွက် ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ပါတယ်။ အစိုးရဆီကလား၊ ဟိုကလား မသိပါဘူး။ ဒါပေမဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ခရိုင်အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး တခုခု စီစဉ်နေပါတယ်။ ဆန်ကတော့ အာဏာပိုင်အဖွဲ့တွေက ဝေတာပါ။ နောက်ထပ်က တည်ဆောက်ရေးပစ္စည်းတွေပါ။ ယာယီနေထိုင်မယ့် ပစ္စည်းတွေပါ။ ဆယ်ဘီးကားကြီး နှစ်စီးပါပါတယ်။”

ကျောက်တော်မြို့ခံ တဦး ပြောပြခဲ့တာပါ။

အခုလို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ဖို့အတွက်တော့ မြို့နယ်အာဏာပိုင်တွေ က ပြည်ထောင်စုအစိုးရထံ အရင် တင်ပြကြရတာပါ။ အဲဒီ တင်ပြချက်ပေါ် အခြေခံပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်သင့်မသင့်ဆိုတာကို အတည်ပြုချက် ချပေးတာဖြစ်ပါတယ်။

ဇွန်လအတွင်း ဆူပူမှုတွေ ဖြစ်ပွားပြီးနောက် နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ် အတွင်းက ဒေသ အတော်များများမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေတွေကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆူပူမှုတွေအတွင်း နှစ်ဘက် သေဆုံးသူ စုစုပေါင်း ၇၇ ဦး ရှိခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG