ရခိုင်ပြည်နယ်အတွင်း လာမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်သွားဖို့အတွက် ဒေါက်တာအေးမောင် ဦးဆောင်သွားမဲ့ "ရခိုင့်ဦးဆောင်ပါတီ" အသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီ တည်ထောင်ခွင့် ပြုလိုက်ပါပြီ။ ရခိုင့်ဦးဆောင်ပါတီ တာဝန်ရှိသူအနေနဲ့ ပါတီတည်ထောင်ခွင့်ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ မတူကွဲပြားတဲ့ရခိုင်နိုင်ငံရေးပါတီသစ်တွေ ပေါ်ထွက် လာတဲ့အပေါ် ရခိုင်အရေးလေ့လာသူ တွေက စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ယခင်ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင် ဦးဆောင်မယ့် "ရခိုင့်ဦးဆောင်ပါတီ" အသစ်ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့ ကော်မရှင်ပြောရေး ဆိုခွင့် ရှိသူ ဦးမြင့်နိုင်ကပြောပါတယ်။
“ပထမအဆင့်တည်ထောင်ခွင့်ပြုလိုက်တယ်ပေါ့နော်။ နှစ်ဆင့်ရှိသေးတယ်။ တည်ထောင်ခွင့်ပြုလိုက်တဲ့ အခါကျတော့ ပထမတည်ထောင်လိုသူ (၁၅) ဦးထဲက ခေါင်းဆောင်တွေ ခေါင်းဆောင်ရွေးပြီးမှ မှတ်ပုံတင်ပြီးမှ ပြန်လျှောက်ရဦးမှာပေါ့နော်။”
ပါတီတည်ထောင်ခွင့်အကြောင်းကြားစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ မနေ့က အကြောင်း ကြားလာတာဖြစ်ပြီး ပါတီကို မှတ်ပုံတင်နိုင်ရေးနဲ့ ပါတီဖြစ်မြောက်ရေးတို့အတွက် ဆက်ပြီး လုပ်ဆောင်သွား မယ်လို့ "ရခိုင့်ဦးဆောင်ပါတီ" တည်ထောင်ခွင့်လျှောက်ထားသူ ဦးစိုးဝင်းကပြောပါတယ်။
“ပါတီလုပ်ခွင့်နည်းဥပဒေမှာပါတဲ့အတိုင်းပဲ။ ကျနော်တို့ ဒီလထဲမှာနော်။ တလအတွင်းမှာပဲ ပ-ခေါင်းဆောင် ဒု-ခေါင်းဆောင်ကို ရွေးပြီးတော့တင်ရမှာလေ။”
အရင်က ဒီပါတီကို "အဖရခိုင်ပြည်ပါတီ"အမည်နဲ့ တည်ထောင်ဖို့ ဖေဖော်ဝါလ ၁၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြလျှောက်ထားခဲ့ပေမယ့် ကော်မရှင်က လက်မခံပယ်ချခဲ့လို့ "ရခိုင့်ဦးဆောင် ပါတီ"အမည်နဲ့ထပ်မံ လျှောက်ထားခဲ့တာပါ။
"ရခိုင့်ဦးဆောင်ပါတီ"ကို လက်ရှိအစိုးရကနေတရားစွဲဆိုခြင်းခံထားရတဲ့ ဒေါက်တာအေးမောင်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပါတီခေါင်းဆောင်နေရာအတွက် ဒေါက်တာအေးမောင်အတွက် လျာထားမှုရှိတယ်လို့ ဦးစိုးဝင်းကပြောပါတယ်။
“ဥပဒေအကြောင်းအရာအရဖြေရှင်းပြီးရင်တော့ ကျနော်တို့ခေါင်းဆောင်အနေနဲ့ပဲ ဆက်ရှိမှာပေါ့။ ဒါပေမဲ့ ဥပဒေ ကြောင်းအရ ဖြေရှင်းလို့မပြီးဘူးဆိုရင်တော့ ပါတီဖွဲ့စည်းပုံဥပဒေအရ တရားဝင်စာရွက်စာတန်းထဲမှာ ပါချင်မှ ပါမှာပေါ့။ ဒါပေမဲ့ခေါင်းဆောင်က ခေါင်းဆောင်ပဲပေါ့နော်။”
ပါတီကိုဦးဆောင်မယ့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ဟာ လက်ရှိအခြေ အနေမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့အမှုရင်ဆိုင်နေရပြီး ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာ တင်ထားသူလည်း ဖြစ်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်မျိုးချစ်ပါတီဆိုပြီး မတူကွဲပြားစွာ တည်ရှိနေရာကနေ ရခိုင့်ဦးဆောင်ပါတီအနေနဲ့ သီးခြားထပ်မံပေါ်ထွက်လာခဲ့တာပါ။
ဒီလို ရခိုင်နိုင်ငံရေးပါတီတွေ ကွဲပြားနေမှုဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ရခိုင်နိုင်ငံရေးလေ့လာသူ ဝံလတ် ဖေါင်ဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံကသုံးသပ်ပြောဆိုပါတယ်။
“ကျနော်တို့က ပါတီစုံဒီမိုကရေစီစံနစ်ကိုသွားနေတဲ့အခါ လွတ်လပ်စွာပါတီထူထောင်ခွင့်တို့ ဘာတို့တော့ ရှိနေ ရမှာပေါ့။ ဒါပေမယ့် တဖက်မှာ ရခိုင်အမျိုးသားအတွက်ကျရင်တော့ ဒီလိုပါတီတွေများနေတာကလည်း ကောင်း သော fanction မဟုတ်ဘူးပေါ့။ နဂိုကတည်းက သီးသန့် ပေါ်လာတဲ့ပါတီဆိုရင်တော့ သိပ် ပြဿနာမရှိဘူးပေါ့။ အခုဟာက လက်ရှိ ရှိနေတဲ့ ပါတီတွေပေါင်းပြီးမှ ဖြစ်ပေါ်လာတဲ့ပါတီက ANDP ကဥက္ကဋ္ဌကိုယ်တိုင် ဥက္ကဋ္ဌရဲ့သားတွေ၊ သူနဲ့ဆက်နွယ်နေသူတွေနဲ့ ဖွဲ့စည်းလိုက်တဲ့အခါကျတော့ ဒါက ပါတီပေါင်းစည်းရေး အကြားမှာ ပေါ်ပေါက်လာတဲ့ အကွဲအပြဲကြောင့် ပေါ်ပေါက်လာတဲ့အရာဖြစ်တယ်။ ဒါဟာကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့မြင်ပါတယ်ခင်ဗျ။”
ရခိုင့်ဦးဆောင်ပါတီက ဦးစိုးဝင်းကတော့ ဘယ်ပါတီကိုမဲပေးမလဲဆိုတာ ပြည်သူတွေရဲ့ရွေးချယ်မှုအပေါ် မူတည် တယ်လို့ဆိုပါတယ်။
“ကျနော်တို့ရခိုင်ပြည်နယ်မှာက နိုင်ငံရေးပါတီများတယ်ဆိုတာ ဗမာပြည်နယ်တွေလောက် မများပါဘူး။ ကျနော် တို့မှာ သုံးလေးခုပဲ ရှိပါတယ်။ အဲဒီတော့ မဲပေးတဲ့သူတွေကပဲ ဘယ်ပါတီကိုရွေးမလဲဆိုတာသူတို့ ရွေးချယ် သွား မှာပါ။ ၂၀၂၀ မှာတော့ ကျနော်တို့က နေရာစုံပေါ့နော ယှဉ်ပြိုင်သွားဖို့အစီအစဉ်ရှိပါတယ်။”
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် လစ်လပ်ပြည်နယ်ကိုယ်စားလှယ်နေရာအတွက် ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းက ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း သူကဆိုပါတယ်။
လာမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် မျိုးချစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ စတ (၄) ပါတီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်တို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နေရာအများစုအနိုင်ရရှိထားခဲ့ပေမယ့်အခုလိုပါတီကွဲတွေဖြစ်လာတဲ့အခြေအနေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာရလာဒ်ကောင်းတွေမရရှိမှာကို ရခိုင်အရေး စောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။