သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်


မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်
မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ လောကမဉ္ဇူ ရှေးဟောင်း စေတီတော်ကို ပြန်လည် ပြုပြင်နေစဉ်အတွင်း စေတီတော်အတွင်းက တွေ့ရှိတဲ့ ရှေးဟောင်း ဘုရားဌာပနာတွေကို နေပြည်တော်ဆီ ပင့်ဆောင်မယ် ဆိုတဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက ကန့်ကွက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဌာပနာတွေထဲမှာ ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဘုရား ဆင်းတုတော်ကြီး အပါအဝင် တခြား ရှေးကျတဲ့ စေတီ ဌာပနာတွေကို မြောက်ဦး ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားရာကနေ အခု ရတနာ့မာန်အောင် ဘုန်းကြီးကျောင်းကို ဒေသခံတွေက ပြောင်းရွှေ့ထားလိုက်ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပျက်စီးယိုယွင်းနေတဲ့ ရှေးဟောင်း လောကမဉ္ဇူ စေတီကို ပြန်လည်မွမ်းမံဖို့ ပြင်ဆင်ရာကနေ မေလ ၃၀ ရက်နေ့ညနေက ရွှေချိန် ၄ ပိဿာကျော်ရှိတဲ့ ရှေးဟောင်း ဆင်းတုတော် အပါအဝင် တခြား ဌာပနာ ၃၈ မျိုးကို စေတီတော် အတွင်းမှာရှိတဲ့ ဘုရားပလ္လင်ရဲ့ နောက်ပိုင်းကနေ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒီ ရှေးဟောင်း ဌာပနာတွေကို မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းပြတိုက်မှာ သိမ်းဆည်းထားကြတာပါ။

ဒါပေမဲ့ အဲဒီ ဘုရားဌာပနာတွေထဲက ၂၇ ခုကို အရည်အသွေး စစ်ဆေးဖို့ နေပြည်တော်ကို ပင့်ဆောင်မယ်ဆိုပြီး စစ်တွေ ရှေးဟောင်းသုတေသန ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူးက ဒီကနေ့မနက် မြောက်ဦးကို ရောက်လာခဲ့ပြီး ဒီသတင်းကို သိသွားတဲ့ ဒေသခံ အများအပြား မကျေမနပ်ဖြစ်ပြီး ကန့်ကွက်မှုတွေ ဖြစ်ခဲ့တယ်လို့ မြောက်ဦးဒေသခံ ဦးရွှေတင်က ပြောပြပါတယ်။

“ရတနာ့မာန်အောင် ဆရာတော်ရဲ့ ဒကာ မန္တလေးက သူဌေး၊ ဒေါက်တာသန်းထွန်းက ပြုပြင်တာ။ ပြုပြင်တဲ့ အချိန်မှာ မထင်မှတ်ဘဲ သွားတွေ့တာ။ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရှေးဟောင်းသုတေသန ဌာနခွဲ စစ်တွေရဲ့ လူကြီးပေါ့၊ အဲဒီလူကြီးက မြောက်ဦးကို သူ့ရဲ့ Super Roof ကားလေးနဲ့ လာပြီးတော့ အဲဒီဘုရားတွေကို နေပြည်တော်ကို တင်မယ်၊ သတ္တုရဲ့ အရည်အသွေးကို ဆန်းစစ်မယ် ဆိုပြီးတော့ လာတယ်။

“မြို့ကလူတွေက ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်သွားကြတာပေါ့လေ။ မြောက်ဦးက တကယ့် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးတွေ ရှိတယ်ဗျာ၊ ပြီးရင် လွှတ်တော်အမတ်တွေ ရှိတယ်ဗျာ၊ မြို့မိ မြို့ဖတွေ ရှိတယ်ဗျာ၊ အဲဒါတွေက မြောက်ဦး ယဉ်ကျေးမှု ပြတိုက်မှာပဲ ထားသင့်ပါတယ် ဆိုတဲ့ဟာကို သွားပြီး အရေးုဆိုကြတာပေါ့။ အဲဒီ အရေးဆိုတဲ့ အချိန်မှာ လူထုတွေက အများကြီးပဲ။

“ရွှေချိန် ၄ ပိဿာနဲ့ ၆၄ ကျပ်သား ရွှေဆင်းတုတခု ပါတယ်။ သူက လေးမြို့ခေတ်က၊ ဓညဝတီခေတ်ကဟာ ပါတယ်၊ ပြီးရင် မြောက်ဦးခေတ်ကဟာ ပါတယ်။ ရွှေဆင်းတု ပါတယ်၊ ကျောက်ဆင်းတု ပါတယ်၊ ကြေးဆင်းတု ပါတယ်။ သလင်းဆင်းတုလည်း ပါတယ်ဗျ။”

မြောက်ဦးမှာ တွေ့ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို မြောက်ဦးမှာပဲ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသင့်တယ်လို့ ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်ကလည်း ပြောပါတယ်။ မနေ့က မြောက်ဦးမြို့မှာရှိတဲ့ ဒီ ရှေးဌာပနာတွေကို သူသွားကြည့်အပြီး ဒီကနေ့ စစ်တွေမြို့ကို ပြန်အရောက်မှာ အခုလို နေပြည်တော်ကို ပင့်ဆောင်တော့မယ်ဆိုတဲ့ သတင်းတွေ မြောက်ဦးကနေ သူ့ကို လှမ်းပြောလာကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီနေ့ သူတို့က ဖုန်းဆက်လို့ သွားကြည့်တာ။ သွားကြည့်တော့ ပြတိုက်မှာ တွေ့တယ်။ တွေ့တော့ ကျနော်က ဘုရားကို မ,ကြည့်တော့ လေးတယ်ဆိုပြီး ပန်းထိမ်ဆရာကို ခေါ်ပြီး စစ်ကြည့်မှ ရွှေဘုရားလို့ သိတာပါ။ ဒီဘုရားကို မြောက်ဦးမှာ ဗိမာန်တခု ဆောက်ပြီးတော့ ထားစေချင်ပါတယ်။ မြို့လူထု လက်ထဲမှာပဲ ရှိစေချင်တယ်၊ ဒီဘုရားက။”

ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းတွေအရတော့ နေပြည်တော်ကို ပင့်ဆောင်မယ့် အစီအစဉ်ကို ရပ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေက စိတ်မချတော့တဲ့အတွက် ဒီ ရှေးဘုရား ဌာပနာတွေကို မြောက်ဦးဒေသခံတွေ ကိုးကွယ်တဲ့ ရတနာ့မာန်အောင် ဆရာတော်ကျောင်းကို ပြောင်းပြီး ပင့်ဆောင်ထားလိုက်ပြီလို့လည်း ဦးရွှေတင်က ပြောပြပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ ယဉ်ကျေးမှု အမွေအနှစ်တွေက တော်တော်များများ မလုံမခြုံတဲ့ သဘောမှာ ရှိတယ်ဗျ။ ဒါကြောင့် ဒါကို အပြင်ထွက်သွားရင် ပြန်လာမလား၊ ပြန်မလာဘူးလား၊ အဲဒါကို လူတွေက သံသယစိတ်တွေ ဝင်သွားကြတာပေါ့လေ။ အဲဒါ နောက်ဆုံးပိတ် ရတနာ့မာန်အောင် ဆရာတော်ရဲ့ ကျောင်းမှာပဲ ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့အတွက် အဲဒါကို ကားနဲ့ သယ်ပြီးတော့ ရတနာ့မာန်အောင် ကျောင်းကို ပင့်ဆောင်သွားပါပြီ။”

တောင်တန်းတွေဝန်းရံပြီး တမျှော်တခေါ် ကြည့်မဆုံးအောင်ကိုရှိတဲ့ မြောက်ဦးမြို့က ဘုရားပုထိုးတွေဟာ ရှေးလက်ရာ အမွေအနှစ်တွေမို့ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးရှိလှတာပါ။ ဒီလို တန်ဖိုးရှိလှတဲ့ ရှေးဘုရားပုထိုးတွေကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ လိုသလို အခုဆိုရင် ဒီရှေးလက်ရာ အများအပြား ပျက်စီးမှုတွေ ကြုံနေရပြီလို့လည်း ပြောပါတယ်။

“ကျနော်တို့ မြောက်ဦးက တောင်တွေ ထပ်ပြီးတော့ ရှိနေတဲ့မြို့ဗျ။ အဲဒီ တောင်တိုင်း တောင်တိုင်းက စေတီ ပုထိုးတွေချည်းပဲ။ တအားများတယ်၊ ကြည့်လိုက်ရင် အကုန်လုံး အပျက်တွေချည်းပဲ။ ဒါပေမဲ့ ဒီဘက်က နိုင်ငံတော် အပိုင်းကလည်း ပြုပြင်သလောက်တော့ ပြုပြင်တာပေါ့ဗျာ။ ပြုပြင်ပေမဲ့ ရှိနေတဲ့ဟာနဲ့ ပြုပြင်တာနဲ့ ဘယ်လိုမှ လိုက်မမီဘူး။ ရှိတဲ့ဟာက အများကြီး၊ လုပ်တဲ့ဟာက နည်းနည်းလေးဆိုတော့ ဘယ်လိုမှ လိုက်မမီဘူးဗျ၊ အကုန်လုံး ပြိုတာ ပျက်တာတွေချည်းပဲ။ ကျနော်တို့ မြောက်ဦးမြို့ရဲ့ လူဦးရေနဲ့လည်း ဒါတွေကို ပြုပြင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

မြောက်ဦးမြို့ခံ ဦးရွှေတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာတုန်းကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်း ဖောက်လုပ်မယ် ဆိုတဲ့အတွက် ရဟန်းသံဃာတွေ အပါအဝင် ဒေသခံတွေက လမ်းကြောင်းပြောင်း ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို ကန့်ကွက်တာတွေ လုပ်ခဲ့ကြရပါတယ်။

XS
SM
MD
LG