သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၀င်ရောက်ကူညီရေးကို ပြည်နယ်အစိုးရက ခွင့်ပြုခဲ့ပေမဲ့ ဒေသခံပြည်သူတချို့က ကန့်ကွက်နေတာကြောင့် လုပ်ငန်းလည်ပတ်မှု ပြန်လည်မစတင်နိုင်တဲ့ အခြေအနေမှာရှိနေပြီး ဒုက္ခသည်စခန်းတချို့မှာတော့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ဒီကနေ့ကျရောက် နိုင်ငံတကာ လူသားချင်းစာနာမှု အထိမ်းအမှတ်နေ့မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

၂၀၁၁ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်တာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာနေရသူ ၂ သိန်း ၄ သောင်းရှိပြီး ၈ သောင်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေကြောင်း ဒီကနေ့ကျရောက် နိုင်ငံတကာ လူသားချင်းစာနာမှု အထိမ်းအမှတ်နေ့မှာ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒုချီးရာတန်းနဲ့ စစ်တွေ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ ထောက်ပံ့ရေးအဖွဲ့တွေဟာ လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်က ထွက်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည် ဆောင်ရွက်ခွင့်ပေးခဲ့ပေမဲ့ အဖွဲ့အစည်းတချို့က လုပ်ငန်းဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒီလိုမဆောင်ရွက်နိုင်တာဟာ ဒေသခံပြည်သူတချို့က ကန့်ကွက်နေတာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းနဲ့ မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ လက်ရှိ အနေအထားမှာတော့ ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က MSF ကို လုပ်မယ်ဆိုလို့ရှိရင်တော့ ဒါ လုပ်ပါပေါ့နော် ကမ်းလှမ်းတဲ့အခါမှာ အနီးစပ်ဆုံးကတော့ စစ်တွေပေါ့ဗျာ အဲဒီမှာရှိတဲ့ မြို့မိမြို့ဖတွေ၊ ပြည်သူလူထုတွေကတော့ ဒါ ကျနော်တို့ အစိုးရအဖွဲ့ကို တခါ ပြန်ပြီးတော့ ---- ပတ်သက်ပြီးတော့ ကန့်ကွက်တယ်ပေါ့နော်။ အဲ သူတို့ကတော့ ဒီ MSF ကို သူတို့ လက်မခံဘူးပေါ့နော်။ နောက် Malteser လက်မခံဘူး။ ဒေသပြည်သူလူထုတွေရဲ့ သဘောထားက လက်မခံဘူးပဲ ရှိတယ်ပေါ့နော်။ ကန့်ကွက်ကြတဲ့ဟာကို ၀န်ကြီးချုပ်ဦးဆောင်ပြီးတော့ ပြေလည်အောင် ဖြေရှင်းပေးနေတာလေးတွေ ရှိပါတယ်။”

စစ်တွေ ရပ်မိရပ်ဖအဖွဲ့မှာ ပါဝင်တဲ့ ဦးသန်းထွန်းကတော့ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာကို အခုလို ပြောပါတယ်။

“ဘယ်လိုကြောင့်လဲဆိုတော့ MSF က ကျန်းမာရေးစောင့်ရှောက်မှုဆိုပြီးတော့ MOU နဲ့လာတယ်။ ဒါပေမဲ့ ဒီမှာကျတော့ အဲ့ဒီကိစ္စတွေအပြင် နိုင်ငံရေးဟာတွေ ၀င်ရောက်စွက်ဖက်တယ်။ အထူးသဖြင့် ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာဖြစ်ရေးကို သူတို့ပဲ ဦးဆောင်ပြီး လုပ်တာလေ။ အဲ့ဒီအထောက်အထားတွေ ရခိုင်တွေမှာ အများကြီးရှိတော့ အဲ့ဒါကြောင့် သူတို့အဖွဲ့ကို ရခိုင်တွေက လက်မခံဘူးလေ။ Malteser ကိုတော့ လက်မခံဘူး။ Malteser က ဟို သန်းခေါင်စာရင်းကိစ္စ ဆန္ဒပြတုန်းက ထောင်ထားတဲ့ သာသနာ့အလံကို Malteser တာဝန်ခံ အမျိုးသမီးက မဆီမလျော်လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဲ့ဒီကိစ္စ လက်မခံတာလေ။”

Malteser International အဖွဲ့ကတော့ လူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်း မူအရ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေး အထိမ်းအမှတ်တွေကို အသုံးပြုခွင့် မရှိတာကြောင့် ဖြုတ်ချတာဖြစ်ကြောင်း၊ မဖွယ်မရာ လုပ်တာမရှိကြောင်း တုံ့ပြန်ဖြေရှင်းခဲ့သလို၊ MSF အဖွဲ့ကလည်း သူတို့လုပ်ငန်းတွေ ပြန်လည် စတင်ရေးအတွက် အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ ဒီလို လုပ်ငန်းရပ်ဆိုင်းထားရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာနေကြောင်း လွန်ခဲ့တဲ့ တပတ်က သတိပေးထားပါတယ်။ MSF အဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

MSF ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းနေတာကြောင့် သူတို့ ကူညီထောက်ပံ့မှုကို ရယူနေသူတွေဟာ လောလောဆယ် အခက်အခဲကြုံနေတယ်လို့ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည်စခန်းက ဦးအောင်ဝင်းက ပြောပါတယ်။

“ဒီ MSF အဖွဲ့ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ တီဘီရောဂါ ကုတဲ့အခါမှာ အဆင်မပြေဘူး။ MSF ရှိတုန်းကဆိုရင် သူတို့မှာ ကိုယ်ပိုင် laboratory ရှိတယ်။ ကျနော်တို့ ဒီတီဘီသလိပ်ကို သွားအပ်လို့ရှိရင် ၄ နာရီအတွင်းမှာ သူတို့အဖြေပေးတယ်။ သူတို့ပြန်သွားတဲ့နောက်ပိုင်းမှာ ဒီစစ်တွေဆေးရုံကြီး ဓာတ်ခွဲခန်းကို ပို့လို့ရှိရင်ပေါ့ တလလောက်ကြာပြီးတော့ နောက် အဖြေရောက်လာတဲ့အချိန်မှာလည်း ရောဂါမရှိဘူးဆိုတဲ့ အဖြေပဲလာတယ် အမြဲတမ်း။ အဲ့ဒီတော့ ဒီတီဘီရောဂါက အရမ်းများနေတယ် ဒီဘက်မှာ အခုလောလောဆယ်။”

အခြားဖြစ်ပွားမှုများတာကတော့ အခက်အခဲကတော့ ငှက်ဖျားရောဂါဖြစ်ကြောင်းနဲ့ အခုအခါ အစိုးရရဲ့ နယ်လှည့်ကုသရေးအဖွဲ့က အောင်မင်္ဂလာစခန်းကို တပတ်ကို ၂ ကြိမ် လာရောက် ကုသပေးနေကြောင်း ပြောပါတယ်။ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေကတော့ ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံခဲ့ရသလို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ပဋိပက္ခမှာ ဒုက္ခရောက်ရသူ အများစုဖြစ်ကြောင်းလည်း ဖော်ပြကြပါတယ်။

XS
SM
MD
LG