သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်က မွတ်ဆလင်ကလေးတွေစာသင်ပေးရေး မွတ်ဆလင်ဘွဲ့ရစာရင်းကောက်ယူ


မောင်တောမြို့နယ်အတွင်းက မွတ်ဆလင် စာသင်ကျောင်းမြင်ကွင်း။
မောင်တောမြို့နယ်အတွင်းက မွတ်ဆလင် စာသင်ကျောင်းမြင်ကွင်း။

ရခိုင်ပြည်နယ် မြို့နယ်တချို့က မွတ်ဆလင်ကလေးတွေကို ပညာသင်ကြားပေးဖို့ နေ့စားလပေး သင်ကြားရေး အကူ ဆရာတွေခန့်သွားနိုင်ဖို့ အခြေခံပညာဦးစီးဌာနက ဆောက်ရွက်နေပါတယ်။ အဲဒီဒေသတွေမှာရှိတဲ့ မွတ် ဆလင်ကလေးတွေကို သင်ကြားတဲ့အပိုင်းမှာ ဘာသာစကားအခက်အခဲ မရှိအောင် အခြေခံပညာဦးစီး ဌာနက စီစဉ်ဆောင်ရွက်နေတာလို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် သတင်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်ဘွဲ့ရတွေ၊ အထက် တန်း ပြီးဆုံး တဲ့သူတွေက ခြေခံပညာသင်ကြားနေတဲ့ကလေးတွေကို စာသင်ပေးဖို့ နေ့စားလပေး သင်ကြားရေးအကူ ဆရာ တွေအနေနဲ့ ခန့်သွားနိုင်ဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်နေပါတယ်။ မွတ်ဆလင် ဘွဲ့ရလူငယ်တွေနဲ့ အထက် တန်းပညာသင်ထားသူတွေရဲ့ စာရင်းကို မောင်တောခရိုင် ပညာရေးမှူးရုံးက ဒီလ ၁၀ ရက်နေ့က စတင် ကောက်ယူနေပြီး ပြည်နယ်ပညာရေးမှူးရုံးကို မနက်ဖြန် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးပေးပို့မှာ ဖြစ်ပါတယ်။

အတန်းစုံကိုသင်ကြားဖို့ ဒါမှမဟုတ် ကျောင်းသားဦးရေပေါ်လိုက်ပြီး ခန့်ထားနိုင်ဖို့ စာရင်းကောက် ယူနေတာ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေးဖို့လည်းရည်ရွယ်ပြီးအခုလိုစီစဉ်ရတာလို့ မောင်တော ခရိုင် ပညာရေးမှူး ဦးခင်အောင်က အခုလိုပြောပါတယ်။

“အဓိကတော့ နှစ်ခုပေါ့ အလုပ်အကိုင်အခွင့်အလမ်းရတဲ့သဘောလည်းပါတယ်။ နောက်တစ်ခုက အဲဒီရွာတွေ မှာ မွတ်ဆလင်ကျောင်းတွေ မှာ အထူးသဖြင့် မူလတန်းကလေးတွေမှာ ဘာသာစကား အခက်အခဲရှိတယ်။ ဘာသာစကားအခက်အခဲရှိတော့ ရခိုင်၊ ဗမာ ဆရာ၊ ဆရာမတွေကျတော့ အဲဒီ စကားတွေကို သူတို့က နားမ လည်ကြတော့ အဲဒီ သင်ကြားတဲ့အခါမှာ အထောက်အကူ ဖြစ်တဲ့ သဘော အဲဒီလိုပါ။ သူတို့ဘာသာနဲ့ အထောက်အကူ ပြန်ပြီးတော့ ဘာသာပြန်ပြီးတော့ နားလည်အောင်ချဉ်းကပ်ရင်တော့ ကျနော်တို့ အခြေခံပညာ အခြေခံပညာကမျှော်မှန်းနေတဲ့ ပညာရည်ပေါ့ ဗဟုသုတတွေကို ရရှိမယ်လေ။”

အလုပ်အကိုင်ရှားပါးတဲ့ဒေသမှာ အလုပ်တစ်ခုရဖို့အတွက် ဒီအလုပ်ကိုစာရင်းပေးသွင်းကြတဲ့သူတွေ များပါတယ်။ စာသင်ပေးဖို့စာရင်းပေးခဲ့တဲ့ ဘူးသီးတောင်မြို့နယ်က အဝေးသင် တက္ကသိုလ် ကျောင်း သား ကိုဟာရှင်မ် က အခုလိုပြောပါတယ်။

“အင်း၊ ဟုတ်တယ် ဒီမှာရှိတဲ့သူတွေ အကုန်လုံးစာရင်းတွေပေးကြတယ်။ ပညာရေးမှူးရုံးကို သွားပြီးတော့။ သင် တဲ့သူတွေဘာမှမရဘဲနဲ့ စာပြမယ်ဆိုရင် ဘယ်အဆင်ပြေပါ့မလဲ။ လူငယ်တွေ အနေနဲ့ကျတော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်မှာ အလုပ်တခုခု၊ အဲဒါလောက်ပဲ လုပ်ဖို့သူတို့က စိတ်ဝင်စားပြီး စာရင်းတွေသွားပေးကြတာပေါ့။ ကျနော်ကတော့ ပညာရေးဝန်ထမ်းတယောက်ကို မေးကြည့်တော့ တစ်ရက်ကို ၄၈၀၀ လောက်ပေးမယ်တဲ့။ စနေ၊ တနင်္ဂနွေမပါတော့ဘူးတဲ့။ ဘယ် လိုပဲ ဖြစ်ဖြစ် ဘာမှမလုပ်ရဘဲ ဒီအတိုင်းထိုင်နေရတဲ့အချိန်မှာဆိုတော့ အဲလိုပဲလုပ်ဖို့ စိတ်ဝင်စားတာပေါ့။”

ဘယ်နှစ်ယောက်ခန့်မယ်၊ ဘယ်အရည်အချင်းတွေသတ်မှတ်မယ်၊ သင်ရိုးနဲ့ပတ်သက်ပြီး စည်းမျဉ်း၊ စည်းကမ်း တွေ ဘယ်လို သတ်မှတ်မယ် ဆိုတာမျိုးတော့ အခြေခံပညာဦးစီးဌာနက လတ်တလော မှာ အသေးစိတ်ထုတ် မထုတ်ပြန်သေးပါဘူး။ မောင်တောခရိုင်မှာ မွတ်ဆလင်ကလေးတွေကို သင်ကြားပေးနေတဲ့ကျောင်းက ၈၀ လောက် ရှိပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG