သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာစုံစမ်းဖို့ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း


ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူနိုင်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီနေ့ပဲ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ ဘက်လိုက်မှုရှိပြီး လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေရှိခဲ့တယ်ဆိုပြီး အစားထိုးခန့်အပ်ဖို့ တောင်းဆိုခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီက ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာ ဖြစ်ပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ ကော်မရှင်နဲ့ ကော်မီတီပေါင်း ၆ ခု ဖွဲ့စည်းခဲ့ပေမယ့် ကနေ့အချိန်ထိ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူတာ မတွေ့ရကြောင်း ဒီကနေ့ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ကို တင်ပြတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး Ms. Yanhee Lee က ထည့်သွင်း တင်ပြခဲ့တာပါ။

“အခုချိန်ထိ ဖွဲ့ပြီးခဲ့သမျှ စုံစမ်းစစ်ရေးအဖွဲ့တွေက ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်တာ မတွေ့ရသေးပါဘူး။ OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ဖွင့်ခွင့်ပေးတာနဲ့ ဒီ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဝင်ရောက် လေ့လာခွင့် ပြုခြင်းအားဖြင့် ဘက်လိုက်မှုမရှိဘဲ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ရရှိနိုင်မယ်မှန်း သိပါလျှက်နဲ့ မြန်မာအစိုးရက စုံစမ်း စစ်ဆေးရေး ကော်မရှင်တွေကို ဘာကြောင့် အကြိမ်ကြိမ် ဖွဲ့စည်းနေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျသွားအောင် မြန်မာအစိုးရက နိုင်ငံရေးပဋိယာယ်သုံးပြီး အဲဒီလို စုံစမ်းရေး ကော်မရှင်တွေ အကြိမ်ကြိမ် ဖွဲ့စည်းနေသလားလို့လည်း Yanhee Lee က မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်နေမှုကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက ဟန့်တားဖို့ ပျက်ကွက်တယ်ဆိုတာကိုလည်း Yanhee Lee က ထည့်သွင်း တင်ပြခဲ့ပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဌာန အဖွဲ့တမ်း အတွင်းဝန် ဦးမြင့်သူကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပေမယ့် လက်ရှိ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Ms. Yanhee Lee ရဲ့ လုပ်ရပ်တွေအပေါ် လက်မခံနိုင်ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူးနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ရှိခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ အထူးစုံစမ်းရေးမှူးနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း သံဓိဌာန် ချထားပါတယ်။ ဒါပေမယ့် အထူးစုံစမ်းရေးမှူး အနေနဲ့ သူမ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေအတိုင်း ဘက်လိုက်မှုမရှိဘဲ လုပ်ကိုင် ဆောင်ရွက်တာကို မတွေ့ရတဲ့အတွက် သူမနဲ့ ဆက်ပြီး လက်တွဲဆောင်ရွက်ခြင်းအားဖြင့် အကျိုးထူးမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အထက်ဖော်ပြပါ အကြောင်းချက်တွေနဲ့အညီ သူမနေရာမှာ လူစားထိုး ခန့်အပ်ပေးဖို့ ကျနော်တို့ဘက်က တောင်းဆိုပါတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို လိုက်လျောခြင်းမရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ အခု သူမတင်ပြချက်တွေကို အလေးအနက် နားထောင်ပြီးတဲ့နောက် ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုလိုပါတယ်။”

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး နိုင်ငံတကာက အသိအမှတ်ပြု လက်ခံနိုင်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတခု ချမှတ် အကောင်အထည်ဖော်သင့်ကြောင်း လူ့အခွင့်အရေး စုံစမ်းရေးမှူး Yanhee Lee က အဆိုပြုခဲ့ပါတယ်။

အဲဒီ ယန္တရားထဲမှာ အပိုင်း ၃ ပိုင်း ပါသင့်ကြောင်း အခုလို ပြောပါတယ်။

“ပထမအပိုင်းထဲမှာ အခွင့်အရေး ချိုးဖောက်ခံရသူတွေကို တွေ့ဆုံ မေးမြန်းတာ၊ ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးတာ၊ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ စုံစမ်း ဖော်ထုတ်တာ၊ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့အပါအဝင် တခြား ကုလသမဂ္ဂက ဆောင်ရွက်နေတဲ့ တခြား လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ပါဝင်ပါတယ်။”

ဒုတိယအဆင့်ထဲမှာ ပါဝင်သင့်တဲ့ အချက်တွေကတော့ - မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ တခြား ချိုးဖောက်မှုတွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဖြစ်စဉ်တွေကို လေ့လာမယ့် ဥပဒေပညာရှင်တွေ ပါဝင်တဲ့ ယန္တရားတခု ထားရှိရေးနဲ့ တတိယ အဆင့်ထဲမှာတော့ အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ဥပဒေလမ်းကြောင်းအရ အကာကွယ်ပေးတာအပြင် ပံ့ပိုးပေးနိုင်မယ့် ယန္တရားတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဖွဲ့စည်းပေးဖို့တို့ ဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ကတော့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanhee Lee နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ခြင်းမရှိတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

ဒါ့အပြင် တခြား အီးယူအဖွဲ့ဝင် နိုင်ငံတခုချင်းစီ အပါအဝင် သြစတေးလျနဲ့ တခြားနိုင်ငံတွေက ကိုယ်စားလှယ် အသီးသီးကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် ရှမ်းနဲ့ ကချင်ပြည်နယ်တွေအတွင်း မကြာသေးခင် ကာလတွေက တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် အဲဒီ ဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေအပေါ်လည်း စိုးရိမ် ပူပန်မိကြောင်း ညီလာခံမှာ ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG