သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမှာ INGO ဝန်ထမ်းတဦး ပစ်ခတ်ဖမ်းဆီးခံရ


ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့ပေါ်က INGO နိုင်ငံတကာအဖွဲ့အစည်းက မြန်မာဝန်ထမ်းတဦးဟာ မနေ့ညပိုင်းတုန်းက မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတာကြောင့်၊ အခုသေနတ်ဒဏ်ရာနဲ့ စစ်တွေဆေးရုံတင် ထားရပါ တယ်။ မြန်မာစစ်တပ်ဖက်ကတော့ သူ့ဆီကလက်နက်မိတာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ ထားတယ်လို့ ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့ထဲမှာ မနေ့ညပိုင်းက မြန်မာစစ်တပ်ကနေ ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်စစ်ဆေး စဉ်အတွင်း လမ်းသွားလာတဲ့သူတွေကိုတားဆီးစစ်ဆေးရာမှာ ပစ်ခတ်မှု တွေဖြစ်ပွားခဲ့တာပါ။

INGO ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင်ဟာ မနေ့ညက မြန်မာစစ်တပ်ကနေပစ်ခတ်လို့ ကျည်ထိမှန်ပြီး ဒီနေ့မနက် ပိုင်းမှာ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ခဲ့တဲ့အကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ရခိုင် တိုင်းရင်း သား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုပြောပါတယ်။

“ကျွန်တော်တို့မိသားစုဝင်တယောက်နဲ့ပြောကြည့်တယ်ပေါ့လေ။ သူကဒဏ်ရာကနည်းနည်း ပြင်းတယ်။ နည်းနည်း စိုးရိမ်နေရတဲ့အခြေ အနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်တွေကိုယူလာတယ်။ အခုတော့စစ်တွေကိုရောက်ပါပြီး။ ကျွန်တော်တို့အဖွဲ့တွေ သွားကြည့်နေတယ်။ ဆိုတော့ဒဏ်ရာက ရင်ဘတ်ကဝင်သွားပြီးတော့မှ ကြောကိုဖေါက်သွားတယ်လို့ပြောပါတယ်။ မနေ့ညက သူတို့က လူငယ်သဘာဝဗျာ ညပိုင်းကျတော့အပြင်ထွက်ကြတယ်ထင်ပါတယ်။ အချိန်ကလဲ ကာဖျူး အချိန် မဟုတ်ဘူးလေနော။ ကာဖျူးက(၉)နာရီမှဆိုတော့။ ဒါပေမဲ့ဖြစ်ချင်တော့အဲဒီမှာ သူတို့(စစ်တပ်) ကနေပြီးတော့ ဘုန်းကြီး ကျောင်းကိုဝင်စီးနေတဲ့အချိန် လူငယ်တွေကလဲ ဆိုင်ကယ်နဲ့ သွားတဲ့အချိန်ဆိုတော့ စီစစ်ဖို့အတွက်ရပ်ခိုင်းတယ် ထင်ပါ တယ်။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ ဆိုမကြားဘူးပေါ့ဗျာ။ မကြားတော့သေနတ်တွေလို့ဘဲထင်တာပေါ့နော်။ ”

တပ်မတော်ဖက်ကတော့ ဘုန်းကြီးကျောင်းကိုစစ်ဆေးနေစဉ်အတွင်း မသင်္ကာဖွယ် လူတဦးဆိုင်ကယ် မောင်းပြေးလို့ ပစ်ခတ်ဖမ်းဆီးရတယ်ဆိုပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါ တယ်။

“အဲဒီဖြစ်စဉ်အမှန်က ကျွန်တော်တို့ညတုန်းက မြောက်ဦးပေါ်ရှိတဲ့ မြင်းခုန်တန်းဘုန်းကြီးကျောင်းကို ဟိုအရင်တုန်းက ရတဲ့ သတင်းတွေဆက်စပ်ပြီးတော့မှ အဲဒီရပ်ကွက်ကအုပ်ချုပ်ရေးမှူးပါတယ်။ သာသနာရေး ဦးစီးပါတယ်။ ပြီးရင် ရဲပါ တယ်။ ကျွန်တော်တို့တပ်ကတော့ အပြင်စည်းဘောင် ဝင်ဆောင်ရွက်ပေးထားတယ်။ အပြင်စည်း ဟုတ်လား လုံခြုံရေး ဆောင်ရွက်ပြီးတော့မှ အဲဒီကျောင်းပတ်ဝန်းကျင်မှာ ရှာဖွေတယ်။ ရှာဖွေရေးအဖွဲ့တွေနဲ့ ရှာပြီးတော့ တပ်ကနေ အပြင် စည်းလုံခြုံရေး လုပ်နေတဲ့အချိန်မှာ (၇)နာရီ - (၈)နာရီဝန်းကျင်မှာ အရပ်သားတယောက်ပေါ့ ဆိုင်ကယ်မောင်းပြီးတော့မှ အဲဒီဘုန်းကြီးကျောင်းထဲကိုဝင်လာတယ်။ ဆိုင်ကယ်ကို ရပ်ခိုင်းလိုက်တယ်။ ကျွန်တော်တို့က ရပ်ခိုင်းတဲ့အခါမှာ ဆိုင်ကယ် ကိုမရပ်ဘဲနဲ့ လှည့်ပြန်ပြီးတော့မှ မောင်းပြေးတယ်။ အဲတာနဲ့ ကျွန်တော်တို့က လိုအပ်ချက်အရ သတင်းတွေလဲ ရထားတဲ့ အတွက်ကြောင့်မို့လို့ လိုအပ်လို့ ဒါကိုပစ်ခတ်ပြီးတော့မှ ဖမ်းဆီးလိုက်တယ်။ အဲဒီဆိုင်ကယ်ဟာ လိုင်စင်မဲ့ ပြီးလို့ရှိရင် ရှာလိုက်တဲ့အခါမှာ ကွန်ပျူတာ လက်ပ်တော့တလုံးတွေ့တယ်။ ပြီးရင် ဟုတ်လား လက်ပစ်ဗုံးတလုံး သိမ်းဆည်းရရှိတယ်။ အမှုဖွင့်ထားတယ်နော်။ ဘာဖြစ်လို့ ဒီကောင် လက်ထဲလက်ပစ်ဗုံး ရောက်နေရတာလဲ။”

ကျည်ဒဏ်ရာရသွားတဲ့ ကိုရဲလင်းနိုင်ကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ရဲကဖမ်းဆီး အမှုဖွင့် ထားပြီး မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံကြီးကို အချုပ်သား လူနာအဖြစ်ပို့ဆောင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ ကိုရဲလင်းနိုင်ဟာ Plan International နိုင်ငံတကာလူမှုအဖွဲ့အစည်းက ဝန်ထမ်းတစ်ဦးဖြစ်ပြီး လက်နက်အဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောပါတယ်။

“ကျွန်တော်တို့သိရသလောက်ကတော့ ဒီညီလေးက NGO ဝန်ထမ်းပါဘဲ။ Plan International ကဘဲ သူကနော်။ ကျွန်တော်တို့သိရသလောက်က ဒီညီလေးဟာ အဲဒီလိုမျိုး လက်နက်ကိုင်တွေနဲ့ ပက်သက်တဲ့သူ မဟုတ်ဘူး။”

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာလဲ ရဲတပ်ဖွဲ့ကနေ သံသယနဲ့လူငယ်(၁၁)ဦးကို စနေနေ့ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ် လို့ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“အကုန်လုံး လူငယ်(၁၁)ယောက် အဖမ်းခံထားရတယ်။ (၁၁)ယောက်ကတော့ အတည်ပြုလို့ရတယ်။ ကားဒရိုင်ဘာ တဦးပေါ့။ ရဲစခန်းကို မေးကြည့်လဲ သူတို့က စစ်ရေး ကာလဖြစ်လို့ ဒါကို လျှို့ဝှက်ထားတယ်။ ထုတ်ဖေါ်လို့ မရသေးဘူး။ စီစစ်နေတုန်းကာလ အဲဒီလိုပြောတယ်။”

အဖမ်းဆီးခံရတဲ့သူတွေအထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာကနေ စစ်ဘေး တိမ်းရှောင်လာတဲ့ ကျောင်းသားတဦးနဲ့လူငယ်တဦးလဲ ပါဝင်နေပါတယ်။

လက်ရှိသူတို့ တတွေကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ တိတိကျကျ မသိရှိသေးဘူးလို့ အဖမ်းခံရသူ နေလင်းထွန်း ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူတို့ကို ပုဏ္ဏားကျွန်းစခန်းကနေ ဖမ်းထားတယ်ဆိုပြီး ပုဏ္ဏားကျွန်း စခန်းက သတင်းပို့လို့ကြားတယ် သိတာပေါ့။ သူတို့ ဘယ်နေရာမှာ စစ်တွေမှာလား ပုဏ္ဏားကျွန်းမှာလား အဲတာတော့ တိတိကျကျတော့ မသိရသေးဘူး။ ဖမ်းတဲ့အထဲမှာ ပြာပင်ရင်းက (၁၄)နှစ် တယောက်ပါပါတယ်။ (၁၈)နှစ် တယောက် ပါပါတယ်။ သူတို့ကိုဘာကြောင့်ဖမ်းတာ လဲဆိုတော့ ရဲကလဲ မပြောတော့ဘူး။ အဲဒီကလေးတွေနဲ့ မတွေ့ဖြစ်တာကြောင့် ပြောမှာကတော့ စောသေးတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မနေ့ကသတင်းထုတ်ပြန်ချက်ထဲမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လှဲ ကျေးရွာ စက်လှေဆိပ်အနီးက မသင်္ကာဖွယ်ရာ လူငယ်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီးကို ဇူလိုင် ၂၇ ရက် ညနေ ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ စစ်ဆေးခဲ့ရာမှာ လူငယ် ၁၀ ဦးအနက် ၈ ဦးမှာ ၎င်းတို့ နေထိုင်ရာ ဒေသအသီးသီးကနေ AAရခိုင်လက်နက်ကိုင်အဖွဲ့ ကို ဝင်ရောက်ဖို့စည်းရုံးခံရသူတွေဖြစ်ကြောင်း စီစစ် တွေ့ ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ထိန်းသိမ်းရမိတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ AA အဖွဲ့နဲ့ပတ်သက်ဆက်နွယ်သူ ၈ ဦးကို တရားဥပဒေအရ အရေးယူနိုင်ရေး ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ အသေးစိတ် စစ်ဆေးမေးမြန်းနေ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AA အဖွဲ့တို့တိုက်ပွဲဖြစ်စဉ်အတွင်း AAနဲ့ဆက်စပ်တယ် ဆိုပြီး သံသယနဲ့ တပ်မတော်ဖက်က ဖမ်းဆီးထားတာ (၁၆၀)ကျော်ရှိပြီး ရုံးတင်တရားစွဲဆိုထားတာ(၇၀)ကျော် ရှိတယ် လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းပြုစုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG