သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးနဲ့ ဖွံံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့တိုက်တွန်း


့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပ (ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီ (ရန်ကုန်)
့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကျင်းပ (ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီ (ရန်ကုန်)

ဒေသတွင်းမတည်ငြိမ်မှုတွေ အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ် ပြည်လည်ထူထောင်ရေး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခက်ခဲဖြစ်နေတဲ့ ရခိုင်ပြည်သူတွေ အတွက် အရေးပေါ်လိုအပ်ချက်တွေကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးကြဖို့ ရခိုင်တိုင်းရင်းသားတွေကို ရခိုင်ပြည်နယ်နေ့မှာ တိုက်တွန်းနိုးဆော်လိုက်ကြပါတယ်။ ဒီကနေ့ကျရောက်တဲ့ ၄၃ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်တဝှမ်းနဲ့ ရန်ကုန်တိုင်းအပါအဝင် ဒေသအသီးသီးမှာ ကျင်းပချိန် ရခိုင်အဖွဲ့အစည်းတွေဘက်က ရခိုင်ပြည်နယ်အရေး အခုလို တိုက်တွန်းနိုးဆော်ကြတာပါ။ အသေးစိတ် မဆုမွန် ပြောပြပါမယ်။

ဒီကနေ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ (၄၃)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ရခိုင်ပြည်နယ်အစိုးရ ရခိုင်ပြည်နယ်လွှတ်တော်အပါအဝင် ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေဘက်က အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်နေကြချိန်မှာ ရခိုင်တိုင်းရင်းသားတွေကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီပံ့ပိုးကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်လို့ ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပရေး ဦးဆောင်သူတဦးဖြစ်တဲ့ ရခိုင်အမျိုးသားအသင်းချုပ်ဥက္ကဋ္ဌဦးစိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ရခိုင်ပြည်နယ်နေ့က အခုဒီနေ့ဆိုရင် (၄၃)ကြိမ်မြောက် ဖြစ်သွားပြီပေါ့နော်၊ ရခိုင်ပြည်နယ်ဟာ အခုဆိုရင် အကြပ်အတည်းအမျိုးမျိုးနဲ့ ကြုံတွေ့နေရတယ်ပေါ့နော်။ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြည်တွင်းရန်၊ ပြည်ပရန်တွေကို ကာကွယ်ဖို့ ကျနော်တို့အဆင်သင့် စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိနေရမယ်။ အဲဒါကို ဒီနေ့မှာ ဒီစကားကို ကျနော်က ညီညွတ်ဖို့ ပြောချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွဲ့တွေအများကြီးဖွဲ့ပြီးတော့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေကို လုပ်နေပါတယ်။ ရခိုင်ပြည်နယ်လိုအပ်ချက်ကတော့ ကြီးမားလွန်းတော့ အားလုံးလိုတယ်လို့ ဖြစ်နေတယ်ပေါ့ဗျာ။ အဲဒီအတွက် ဒေသခံပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့အတွက် ကိုယ်နိုင်သလောက် တတက်တအား ပါဝင်မယ်ဆိုရင် ရခိုင်ပြည်နယ်ကြီးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့လည်း တိုက်တွန်းချင်ပါတယ် ရခိုင်ပြည်နယ်က ဒေသခံတွေကိုလေ။"

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တဝှမ်းက မြို့အသီးသီးမှာ ကျင်းပသလို ရန်ကုန်မြို့မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ကြီးမှူးပြီး ရခိုင်လူမှုအသင်းအဖွဲ့တွေ စုပေါင်းကျင်းပတာပါ။

ဒီကနေ့ ရန်ကုန် ရခိုင်ပြည်နယ် ဓမ္မာရုံမှာ ကျင်းပတဲ့ (၄၃) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အကြောင်းနဲ့ ထူးချွန်ရခိုင်တိုင်းရင်းသားတွေကို ရခိုင့်တံခွန်ဆု၊ ရခိုင်ဂုဏ်ဆောင်ဆုတွေ ချီးမြှင့်တဲ့အကြောင်းလည်း ကိုယ်တိုင်ဆုချီးမြှင့်ခဲ့သူ ရခိုင်အမျိုးသားအသင်းချုပ်ဥက္ကဋ္ဌက ပြောပြပါတယ်။

"ရခိုင်ပြည်နယ်နေ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ရောက်တိုင်း ပြယ်နယ်တွေမှာလည်း ကျင်းပတယ်။ ဒီနေ့ဆိုရင် ရခိုင်ပြည်နယ်အတွက် ဂုဏ်ဆောင်ဆုတွေပေါ့ဗျာ ၁၂ ဆုပေးတယ်ခင်ဗျ။ ရခိုင့်တံခွန်ဆု ဆိုတာက ဆရာတော် ၆ ပါး ၊ နောက် လူက ၂ ယောက် ။ ရခိုင်ဂုဏ်ဆောင်ဆုကတော့ သရုပ်ဆောင်ဝေဠုကျော်တို့၊ စာရေးဆရာမ အမျိုးသားစာပေဆုရ ယမင်းမြတ်အေး ၂ ယောက်ရတယ်။ နောက် စစ်တွေကနေ ရန်ကုန်အထိ ၈ ရက်လောက် စက်ဘီးစီးလာတဲ့ ပုဂ္ဂိုလ် ၂ ယောက် ဦးမောင်စောရွှေ နဲ့ ဦးဝင်းမောင် ဆိုတာ။ အဲဒီ ၂ ဆုမှာ ကျနော်ကတော့ ၁ ဆုပေးရတယ်ခင်ဗျ ။ ကျန်တဲ့ ရခိုင့်တံခွန်ဆု၊ ရခိုင်ဂုဏ်ဆောင်ဆုကတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကပေးတယ်။ ရခိုင်အမျိုးသားအသင်းချုပ်အပါအဝင် လူမှုအဖွဲ့အစည်းတွေအားလုံး တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပတာပေါ့လေ။"

ရခိုင်ပြည်နယ်တဝှမ်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွေ ကျင်းပကြပြီး ရခိုင်ပြည်နယ်တွင်း တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ကထွက်တဲ့ သဘာဝသံယံဇာတအရင်းအမြစ်တွေက ထွက်ရှိတဲ့အကျိုးအမြတ်တွေကို ရခိုင်ဒေသခံတွေ အပြည့်အဝ ရရှိနိုင်ရေး ဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ်နေ့မှာ တောင်းဆိုလိုပါတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါတယ်။

" ဒီရခိုင်ပြည်နယ်နေ့လည်း စစ်တွေမြို့နယ်မှာလည်း ကျင်းပတယ်ပေါ့နော် မြို့နယ်တွေမှာလည်း အသီးသီးကျင်းပတာလည်း ရှိကြပါတယ်။ အန်တီတို့ ရခိုင်ပြည်နယ်ကလည်း အခုဆိုရင် ဒီပဋိပက္ခတွေအများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒီရခိုင်ပြည်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ပေ့ါလေ အဲဒီအတွက်ကြောင့် ဆရာမတို့အနေနဲ့ ကိုယ့်ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လိုလားပါတယ်။ ရခိုင်ပြည်က ထွက်တဲ့ သံယံဇာတတွေလည်း ဆရာမတို့မှာ အများကြီးရှိပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့လည်း အဲဒီကငွေတွေကိုလည်း ရခိုင်နှုန်းအလိုက်ပေးဖို့ ရခိုင်ပြည်သူပြည်သားတွေလည်း တော်တော်လေးလိုလားနေကြပါတယ်။ အကျိုးကျေးဇူးတွေကိုလည်း ဆရာမတို့အမြန်ဆုံး ရခိုင်ပြည်နယ်နေ့နဲ့အတူ ရရှိခံစားနိုင်ပါစေလို့ ဆရာမကတော့ ပြောချင်ပါတယ်။"

ရခိုင်ပြည်နယ်နေ့ကို ၁၉၇၅-ခုနှစ်ကစပြီး ကျင်းပခဲ့ကြတာဖြစ်ပြီး ဒီနှစ် ၂၀၁၇ခုနှစ်မှာဆိုရင်တော့ ၄၃ကြိမ်မြောက်ဖြစ်လာပြီဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ဒီဇင်ဘာလ ၁၅ရက်နေ့မှာစတင်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်က ရခိုင်ပြည်နယ်ဓမ္မာရုံ မှာ ရခိုင်ပြည်နယ်နေ့ကျင်းပပြီး ဒီဇင်ဘာလ ၁၆နဲ့ ၁၇ရက်နေ့တွေမှာတော့ ရခိုင်ရိုးရာကျင်ပွဲ ခေါင်းအုံးသတ်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲ ဂီတပဒေသာပွဲတော်တွေကို ရန်ကုန် တိုင်းရင်းသားကျေးရွာမှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG